ရုရှားနဲ့ တရုတ် ဗီတိုက ဆန္ဒပြသူတွေ ချေမှုန်းဖို့ အားပေးသလိုဖြစ်

  • 14 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်နဲ့ ရုရှား ဗီတို အပေါ် တုန့်ပြန်နေတဲ့ လူ့အခွင့်အရေး မင်းကြီး နာဗီပီလေး

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆီးရီးယား အစိုးရ အပေါ် အရေးယူဖို့ အဆိုပြုလွှာ မူကြမ်းကို မကြာသေးခင်က ရုရှားနဲ့ တရုတ်တို့က ဗီတိုသုံး ပယ်ချမှုဟာ သမ္မတ အာဆက် အစိုးရ အနေနဲ့ ဟော်မစ်မြို့မှာ အရပ်သားတွေကို အဆင်အခြင်မဲ့ အကြမ်းဖက် နှိမ်နင်းမှုကို တွန်းအားပေးသလို ဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အကြီးအကဲ နာဗီ ပီလေးက ပြောကြားလိုက်ပါတယ်။

ဆီးရီးယား အစိုးရဟာ အတိုက်အခံ အင်အားစု တွေကို အစွမ်းကုန် တိုက်ခိုက် ချေမှုန်းနေတယ်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ အထူး ဆွေးနွေးပွဲ တရပ်မှာ မစ္စ ပီလေးက ပြောလိုက်ပါတယ်။

ဒါ့အပြင် လူသား မျိုးနွယ်စု အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ဆီးရီးယား အစိုးရကို နိုင်ငံတကာ ရာဇဝတ် တရားရုံးက စီရင်ပေးဖို့ မစ္စပီလေးက ပန်ကြား လိုက်ပါတယ်။

မစ္စ ပီလေးရဲ့ ပြောကြားချက်က လက်လွတ်စံပယ် ဝေဖန်မှုလို့ ကုလသမဂ္ဂ ဆိုင်ရာ ဆီးရီးယား သံတမန်က ပြောပါတယ်။