ဘန်ကောက် ဗုံးကွဲမှု တဦးချင်းပစ်မှတ် ထားလို့ဆို

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာကို စစ်ဆေး နေကြသူများ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အင်္ဂါနေ့က ဗုံး ၃ လုံးပေါက်ကွဲ ခဲ့တဲ့ အမှုမှာ ပါဝင် ပတ်သက် နေသူ တွေဟာ လူ တဦးချင်း ကို ပစ်မှတ် ထား တိုက်ခိုက်ဖို့ ရည်ရွယ် တာ ဖြစ်နိုင်တယ် လို့ ထိုင်း နိုင်ငံခြား ရေး ဝန်ကြီး စူရာပေါ် တာဝီချက် ချိုင်ကွန်း က ပြောပါတယ်။

ဘန်ကောက်မြို့လည် လူစည်ကားရာ ရပ်ကွက် တခုဖြစ်တဲ့ စူခွန်ဗစ် ၇၁ လမ်းမှာ အဲဒီ ပေါက်ကွဲ မှုတွေ ဖြစ်ခဲ့ တာပါ။

အိန္ဒိယမှာ အလားတူ ဖြစ်ခဲ့တဲ့ အတွေအကြုံ အပါအဝင် အခု ဘန်ကောက်မှာ ပေါက်ကွဲမှု ကနေ ရတဲ့ သက်သေခံ ပစ္စည်းတွေ ကို ထောက်ရှုပြီး အခုလို ကောက်ချက် ချခဲ့တာ လို့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး က သတင်းထောက် တွေကို ပြောပါတယ်။

အခု တရားခံလို့ စွပ်စွဲပြီး ဖမ်းဆီး ထားတဲ့ အီရန် လူမျိုး ၂ ဦးကို စစ်ဆေးချက် အရ အစ္စရေး သံရုံးက တာဝန် ရှိသူ တွေကို တိုက်ခိုက်ဖို့ ရည်ရွယ် ထားပုံ ရတယ် လို့ ထိုင်း ရဲချုပ် ကလည်း သတင်းထောက် တွေကို ထုတ်ဖေါ် ပြောကြား ခဲ့ပါတယ်။