တရုတ် ကန် ယုံကြည်မှု ဆောက်ဖို့ တရုတ်ပြော

  • 16 ဖေဖော်ဝါရီ 2012
china vice president ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ် ဒုတိယ သမ္မတ ရှီကျင်းပင်

တရုတ် ဒုတိယ သမ္မတ ရှီကျင်းပင်က အ မေရိကန် တရုတ် နှစ်နိုင်ငံကြား ပိုပြီး နက်ရှိုင်းတဲ့ မဟာဗျူဟာ မြောက်တဲ့ ယုံ ကြည်မှုမျိုး တည်ဆောက်ဖို့ အမေရိကန်က စီးပွားရေး လုပ်ငန်းရှင်တွေကို ဆော်သြ လိုက်ပါတယ်။

နှစ်နိုင်ငံ ဆက်ဆံမှု ပိုနီးနီးကပ်ကပ် လုပ် ဆောင်ပြီး နှစ်ဘက်ကြားက နားလည်မှု လွဲမှားမှုတွေ၊ သံသယတွေ လျော့အောင် နှစ်နိုင်ငံလုံးက လုပ်ဆောင်သင့်တယ်လို့ တရုတ် ဒုတိယ သမ္မတက ပြောပါတယ်။

ရှီကျင်းပင် အစောပိုင်းက အထက် လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်တွေနဲ့ တွေ့ ခဲ့ပါတယ်။

သူဟာ အိုင်အိုဝါ ပြည်နယ်ကို သွားရောက်နေပြီး နောက်ပိုင်းမှာ ကယ်လီဖိုးနီးယားကို သွားမှာ ဖြစ်ပါတယ်။

ရှီကျင်းပင်ဟာ သမ္မတ ဟူဂျင်တောင် နေရာကို ဆက်ခံမယ့်လူလို့ ထင်ကြေးပေးနေ ကြတာကြောင့် တရုတ် သမ္မတလောင်းကို အမေရိကန်တွေ အကဲခပ်ခွင့် ရနေပါတယ်။

တရုတ် အမေရိကန် ဆက်ဆံရေးဟာ သမိုင်းဝင် အစမှတ်ကို ရောက်နေပြီ၊ နှစ်ဘက် အ ကျိုးစီးပွား အပြန်အလှန် အမှီသဟဲ ပြုမှုဟာ အရှိန် ကောင်းကောင်းနဲ့ စီးနေတဲ့ မြစ်ပမာ ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ဘူးဆိုပြီး မစ္စတာ ရှီကျင်းပင်က ပြောပါတယ်။

အမေရိကန်က တရုတ်ကို ကုန်သွယ်ရေး မညီမျှမှုကို ကြည့်လုပ်ဖို့ တောင်းဆိုရာမှာ တရုတ် ကလည်း အမေရိကန်က တရုတ်ကို တင်ပို့ခွင့် ပိတ်ထားတာတွေကို ရုပ်သိမ်းပေးဖို့ ပြန် တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် အီရန်၊ ကိုရီးယား ကျွန်းဆွယ် အရေးနဲ့ အကြမ်းဖက် ခြောက်လှန့် သတ်ဖြတ်မှု ဆန့်ကျင် တိုက်ဖျက်ရေး ကဏ္ဍတွေမှာ အမေရိကန်ရဲ့ လက်ရှိ နိုင်ငံခြားရေး ပေါ်လစီတွေနဲ့ ပတ်သက်ပြီး တရုတ်ကလည်း စကားပြောဖို့ ဆန္ဒ ရှိတာကို တရုတ် ဒုတိယ သမ္မတက အရိပ်အမြွက် ပြောခဲ့ပါတယ်။

တဘက်မှာ အမေရိကန်က တရုတ်ရဲ့ တပြည်ထောင်မူကို အသိအမှတ် ပြုပြီး တိုင်ဝမ်နဲ့ တိဘက် လွတ်လပ်ရေး အတွက် လှုပ်ရှားမှုတွေကို ဆန့်ကျင်ဖို့ တောင်းဆို ခဲ့ပါတယ်။

အာရှ ပစိဖိတ် ဒေသမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာ ဝပြောရေးတွေ အတွက် အမေရိကန်က အပြု သဘောဆောင်တဲ့ လုပ်ဆောင်မှုတွေ လုပ်နေတာကို တရုတ်က ကြိုဆိုတယ်လို့လည်း မစ္စတာ ရှီကျင်းပင်က ပြောပါတယ်။

ဒါဟာ မကြာခင်ကပဲ အမေရိကန်က သူတို့ စစ်ရေး မဟာဗျူဟာကို အရှေ့ဘက်ကို အားပြုတော့မယ်လို့ ကြေညာခဲ့တာကို ရည်ညွှန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တချိန်ထဲမှာ အမေရိကန် အနေနဲ့ တရုတ် အပါအဝင် အာရှ ပစိဖိတ် ဒေသတွင်းက နိုင် ငံတွေရဲ့ အကျိုး စီးပွားနဲ့ စိုးရိမ်မှုတွေကို လေးစားမှု တကယ် ပြလိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ရှီကျင်းပင်က ပြောပါတယ်။

မစ္စတာ ရှီကျင်းပင်ဟာ အစောပိုင်းက အထက်လွှတ်တော် အမတ်တွေရဲ့ ခေါင်းဆောင် ဟယ်ရီရိ၊ မစ်ချ မက်ကောနဲတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန် အမတ်တွေက တရုတ်ကို ယွမ်ငွေနဲ့ ဒေါ်လာ လဲနှုန်းကို တရုတ်က သူ့အကျိုးကို ရှေးရှုပြီး လုပ်ဆောင်နေတာတွေကို ပြောင်းဖို့ အမေရိကန် လွှတ်တော် အမတ်တွေကမကြာ ခဏ တောင်းဆိုခဲ့ဖူးပါတယ်။

ရီပတ်ဗလစ်ကန် သမ္မတလောင်း မစ်ရွန်နီက သူဟာ သမ္မတ အဖြစ် အရွေးခံရရင် တရုတ်ကို ငွေလဲလှယ်နှုန်း အမြတ်ထုတ်သူ အဖြစ် ကြေညာမယ်ဆိုပြီး အကြိမ်ကြိမ် မဲဆွယ် စည်းရုံး နေပါတယ်။