အိန္ဒိယမှာ မြေငလျင်ဘေး ကာကွယ်ရေး လေ့ကျင့်

  • 15 ဖေဖော်ဝါရီ 2012
India ဓာတ်ပုံ မူပိုင် AFP
Image caption လေ့ကျင့်မှု မှာ လူ ထောင်ချီ ပါဝင်ခဲ့

အိန္ဒိယ နိုင်ငံ ဒေလီမြို့ က မြေငလျင် အကြို လေ့ကျင့် စမ်းသပ်မှု တခုမှာ လူ ထောင်ပေါင်း များစွာ ပါဝင် ခဲ့ကြ ပါတယ်။

တကယ်လို့ မြေငလျင် လှုပ်ခဲ့ရင် အရေးပေါ် ဌာနတွေ၊ ဆေးရုံတွေ နဲ့ ပြည်သူတွေ အဆင်သင့် ဖြစ် မဖြစ် သိလိုတဲ့ အတွက် အခုလို အစမ်း လေ့ကျင့်တာ ဖြစ်တယ်လို့ အိန္ဒိယ အစိုးက ပြောပါတယ်။

ဒေလီမြို့ဟာ ငလျင်ကြော ပေါ်မှာ ရှိနေတဲ့ အတွက် အဆောက် အဦ ၁၀ ခုမှာ ၉ ခုဟာ မြေငလျင် ကြောင့် ပြိုကျ နိုင်တယ်လို့ အိန္ဒိယ အစိုးက ခန့်မှန်း ထားပါတယ်။

ဒီစမ်းသပ် လေ့ကျင့် မှုကို ဒေလီမြို့က မြေအောက် ရထား ဘူတာရုံကြီး တခုမှာ လူတွေ ပြည့်ကျပ် နေတဲ့ မနက်ဖက် ရုံးတက်ချိန် အတွင်း နိုင်ငံ တကာ ဘေး အန္တရာယ် ကြိုတင် ပြင်ဆင် ကာကွယ်ရေး အေဂျင်စီ က ကြီးမှူးပြီး လုပ်ခဲ့ တာပါ။

ငလျင် လှုပ်သွားတယ်၊ အပြင် ထွက်ကြပါ ဆိုတဲ့ အသိပေး ကြေညာသံ ထွက်ပေါ် လာချိန်မှာ လူတွေ အတော်လေး ကြောင်တောင်တောင် ဖြစ်သွားပုံ ရပြီး ဘာလုပ်လို့ လုပ်ရမှန်း သိကြပုံ မပေါ် ခဲ့ပါဘူး။

အဲဒီ နောက်မှာတော့ အဝါရောင် တောက်တောက် ဂျက်ကက် အင်္ကျီတွေ ဝတ်ထားတဲ့ ရဲတွေနဲ့ စေတနာ့ ဝန်ထမ်းတွေ က လူတွေကို အဲဒီ နေရာ ကနေ ထွက်ခွာ ကြဖို့ လိုက်နှိုး ဆော် ခဲ့ကြ ပါတယ်။

ခရီးသည် အမျိုးသမီးတယောက်က "ဘာလုပ်ရမလဲဆိုတာ မသိပါဘူး၊ ကျန်တဲ့ လူတွေလည်း သိပုံမရပါဘူး၊ တကယ်သာ ငလျင် လှုပ်တယ် ဆိုရင် ဘာလုပ် ရမလဲ ဆိုတာ ဘယ်သူမှ မသိကြ ပါဘူး" လို့ ပြောပါတယ်။

တောင်အာရှ ဒေသဟာ ငလျင်ဒဏ် ကို ဆိုးဆိုး ရွားရွား ခံရတဲ့ အစဉ် အလာ ရှိပြီး ဒေလီမြို့ ဟာ ငလျင်ကြောပေါ်မှာ ရှိနေ တာကြောင့် ငလျင်ဒဏ် ဖြစ်ဖို့ အလားအလာ များတဲ့ ဒေလီမြို့ အနေနဲ့ အသေ အချာ ကြိုတင် ပြင်ဆင် ထားဖို့ လိုနေတယ် လို့ အာဏာပိုင် တွေက ပြောပါတယ်။