အာဖဂန်နစ္စတန် အမေရိကန် နဲ့ တာလီဘန် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်ခဲ့

  • 16 ဖေဖော်ဝါရီ 2012
afghan pakistan ဓာတ်ပုံ မူပိုင် bbc
Image caption အာဖဂန် ပါကစ္စတန် အီရန် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ လည်း စတော့မယ်

အာဖဂန်နစ္စတန် သမ္မတ ဟာမစ် ကာဇိုင်း က သူ့အစိုးရ အဖွဲ့၊ အမေရိကန် အစိုးရ နဲ့ တာလီဘန် အဖွဲ့တို့ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ထုတ်ဖေါ် ပြောကြား လိုက် ပါတယ်။

ဒီလို တွေ့ဆုံ ဆွေးနွေးမှုမျိုး လုပ်ခဲ့ကြောင်း သတင်းတွေ ထွက်ခဲ့ပေမယ့် သမ္မတ ကာဇိုင်း အနေနဲ့ လူသိရှင်ကြား ထုတ်ဖေါ် ပြောတာ ဒါ ပထမဆုံး အကြိမ် ဖြစ်တယ် လို့ ကာဘူးလ်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တာလီဘန်နဲ့ အာဖဂန် အာဏာပိုင်တွေ အကြား ဆက်ဆံရေးမှာ ပြောင်းလဲမှုတွေ ရှိလာနေပြီ လို့ အာဖဂန်နစ္စတန် နိုင်ငံ အသွင်ကူးပြောင်းရေးဆိုင်ရာ ညှိနှိုင်းရေး ကော်မရှင် ဥက္ကဌ အက်ရှ် ဂါနီ အာမက်ဇိုင်း က ထူးခြား ပြောင်းလဲမှုက နှစ်ခု ရှိတယ်လို့ ပြောရမှာ ဖြစ်ကြောင်း နဲ့ တခုက ပဋိပက္ခတွေ အဆုံးသတ်သွားရေးမှာ အင်အားသုံး ဖြေရှင်းနည်း တခုထဲနဲ့ မရပဲ နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ လိုတယ်ဆိုတာကို ထုတ်ဖေါ် အသိအမှတ် ပြုလာတာရယ်၊ နောက်တခုက အာဖဂန် အစိုးရဲ့ ပါဝင် ပတ်သက်မှု အပြည့်အဝနဲ့သာ တွေ့ဆုံ ဆွေးနွေးမှု တွေကို ရှေ့ဆက် ဆောင်ရွက် နိုင်တယ် ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်လို့ အာဖဂန်နစ္စတန် နိုင်ငံ အသွင် ကူးပြောင်းရေး ဆိုင်ရာ ညှိနှိုင်းရေး ကော်မရှင် ဥက္ကဌ အက်ရှ် ဂါနီ အာမက်ဇိုင်း က ပြော ပါတယ်။

အစ္စလာမ် မာဘာ့ဒ်မြို့ကို မသွားခင်လေးမှာ လုပ်ခဲ့တဲ့ Wall Street Journal နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ သမ္မတ ကာဇိုင်း က ပါကစ္စတန် အစိုးရ အနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး ရရေးမှာ အခန်း ကဏ္ဍ တရပ် ကနေ ပါဝင် ဆောင်ရွက်မယ်လို့ သူမျှော်လင့်ကြောင်း ပြော သွားပါတယ်။

အီရန်သမ္မတ မာမွဒ် အမာဒီနဂျာ့ဒ် ဟာလည်း ပါကစ္စတန်နဲ့ အာဖဂန် နိုင်ငံတွေက သမ္မတတွေ နဲ့ အတူ သောကြာနေ့မှာ လုပ်မယ့် သုံးပွင့်ဆိုင် ထိပ်သီး ဆွေးနွေးပွဲ ကို တက်ရောက်ဖို့ အစ္စလာမ် မာဘာ့ဒ်မြို့ မှာ ရောက်ရှိနေပါတယ်။