ဆီးရီးယားမှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်ပွား

  • 18 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption အကြမ်းဖက်မှုတွေကို ရပ်တန့်ကြဖို့ နှစ်ဘက် စလုံးကို တောင်းဆိုလိုက်ပါတယ်

ဆီးရီးယားနိုင်ငံမှာ နောက်ထပ် အကြမ်း ဖက်မှု သတင်းတွေ ထွက်ပေါ်နေချိန် မှာပဲ တရုတ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုင်ဂျွန်ဟာ ဆီးရီးယား သမ္မတ အားဆာ့ဒ်နဲ့ ဒမာ့စကပ်စ်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်နေမှု တွေကို နှစ်ဘက်စလုံးက ရပ်ဆိုင်းကြဖို့ သူက တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ဖေဖေါ်ဝါရီလမှာ အစိုးရ ကျင်းပဖို့ စီစဉ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အပေါ် လူထုသဘောထား ကောက်ခံပွဲနဲ့ အဲဒီနောက် ရက်ပေါင်း ၉၀ အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ မစ္စတာ ဂျိုင်ဂျွန် အနေနဲ့ ထောက်ခံကြောင်း ပြောသွား တယ်လို့ အစိုးရ ရုပ်မြင်သံကြားမှာ ထုတ်လွှင့်သွားပါတယ်။

အတိုက်အခံတွေကတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်ရှိနေစဉ်အတွင်း လူထု သဘောထား ကောက်ခံပွဲ ကျင်းပမှာကို လက်မခံနိုင်ဘူးလို့ ပြောနေတာပါ။

စနေနေ့မှာပဲ Homs မြို့က အတိုက်အခံ စခန်းတွေကို အစိုးရတပ်ဖွဲ့တွေက ထပ် တိုက်ခိုက်ခဲ့တယ်လို့ အတိုက်အခံတွေက ပြောပါတယ်။

ဒမာ့စကပ်စ် မြို့မှာတော့ သမ္မတ အားဆာ့ဒ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေအတွင်း သေဆုံးခဲ့သူ လူငယ် ၃ ဦးရဲ့ စျာပနကို လူ ထောင်ပေါင်း များစွာ တက်ရောက်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

အဲဒီ ဆန္ဒပြမှုတွေကို အစိုးရ တပ်တွေက သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် လူအတော် များများလည်း ဒဏ်ရာရသွားတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

ဆီးရီးယား သမ္မတ အားဆာ့ဒ်ကို ၁၁လကြာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပြီး ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ရုရှားနိုင်ငံနဲ့အတူ တရုတ်နိုင်ငံက ဗီတို အာဏာ သုံးပြီး ပယ်ချခဲ့တာ ဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့ သဘောထားက ဆီးရီးယား အစိုးရ၊ အတိုက်အခံနဲ့ လက်နက်ကိုင် အုပ်စုတွေအားလုံးအနေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ချက်ချင်း ရပ်ဆိုင်းကြစေလိုတဲ့ သဘော ရှိတယ်လို့ မစ္စတာ ဂျိုင်ဂျွန်က ပြောကြောင်း ရုပ်မြင်သံကြားမှာ ထုတ်လွှင့်သွား ပါတယ်။

ဒါ့အပြင် ဆီးရီးယား လွတ်မြောက်ရေး သူပုန် တပ်ဖွဲ့ဝင်တွေ တပ်စွဲထားရာ နေရာတွေ တဝိုက် အထူးသဖြင့် Homs မြို့ Baba Amr ရပ်ကွက်ကို အစိုးရက အဓိကထား တိုက်ခိုက်နေပါတယ်။

အဲဒီ ဒေသတွေကို အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်ဖို့ အစိုးရက ပြင်ဆင်နေတယ်လို့ အတိုက်အခံတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ အုပ်စုတွေက ယူဆနေကြပြီး လူအစုလိုက် အပြုံလိုက် အသတ်ခံရမှုကြီး ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။