အီဂျစ် ရွေးကောက်ပွဲ ရက်သတ်မှတ်လို့ မရသေး

  • 19 ဖေဖော်ဝါရီ 2012
egypt_election ဓာတ်ပုံ မူပိုင် AFP
Image caption မဲပေးဖို့ စောင့်နေကြတဲ့ အီဂျစ်ပြည်သူများ

အီဂျစ်နိုင်ငံမှာ မူဘာရက် ခေတ်လွန်မှာ ပထမဆုံး အကြိမ်အဖြစ် ကျင်းပမဲ့ သမ္မတ ရွေးကောက်ပွဲ အတွက် ရက်သတ်မှတ် ရာမှာ အာဏာပိုင်တွေ အကြား သဘောတူ ညီမှု မရရှိခဲ့ ပါဘူး။

အီဂျစ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ရက် သတ်မှတ်မှုနဲ့ ပတ်သက်တဲ့ ကြေငြာချက် တခု ထုတ်ပြန် ခါနီးမှာ မီဒီယာ ကို ဘာကြေငြာချက် မှ ထုတ်ပြန်ဖို့ မရှိကြောင်း ကို ပြောကြား သွားခဲ့ တာဖြစ် ပါတယ်။ အရာရှိ တဦးကတော့ မေလထဲမှာ ရွေးကောက်ပွဲ လုပ်သွား မယ်လို့ ပြောခဲ့ သလို၊ နောက်ထပ် တယောက်ကလဲ ဇွန်လကျမှ သာလုပ်ဖြစ် မယ်လို့ ဆိုပြန်ပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် အရပ်သားအစိုးရကို အာဏာလွှဲပေးဖို့အတွက် အီဂျစ် နိုင်ငံကို အုပ်ချုပ် နေတဲ့ စစ်ခေါင်းဆောင် တွေအကြား ပြဿနာ တွေရှိနေတာ ဖြစ်နိုင်တယ်လို့ ဘီဘီစီ သတင်းထောက် က သုံးသတ်ထား ပါတယ်။

ဖွဲ့စည်းပုံ ဥပဒေခုံရုံး ရဲ့ အကြီးအကဲ ဖြစ်တဲ့ ဖာရုခ် ဆူလ်တန်က တော့ ပြည်ပရောက် အီဂျစ် ကျွမ်းကျင်သူ တွေရဲ့ မဲဆန္ဒ တွေကိုပါ ရေတွက် နိုင်ဖို့ အတွက် အခုလို လုပ်ခဲ့တာ ဖြစ်တယ်လို့ သတင်းထောက် တွေကို ပြောပါတယ်။

သူက ကော်မတီက ဒီနေ့မှာ ရွေးကောက်ပွဲအချိန်စာရင်း နဲ့ပတ်သက်လို့ သဘောတူညီချက် ရမှ ကြေငြာချက် ထုတ်ပြန်ဖို့ ရက်ရွှေ့ဆိုင်း ထားလိုက်တာ ဖြစ်တဲ့ အကြောင်းနဲ့ ပြည်ပကို ရောက်ရှိနေတဲ့ အီဂျစ် လူမျိုးတွေပါ မဲပေးဖို့ အချိန် တွေအဆင်ပြေအောင် လုပ်ပေးချင်တဲ့ အတွက် ဖြစ်ကြောင်း ပြောကြားသွား ပါတယ်။