ပြင်သစ်နဲ့ဗြိတိန်ကို အီရန်ရေနံအရောင်းရပ်

  • 20 ဖေဖော်ဝါရီ 2012
oil_iran
Image caption အီရန်က ရေနံချက် စက်ရုံများ

အီရန်နိုင်ငံရဲ့ ရေနံတင်ပို့မှုတွေကို ဥရောပ သမဂ္ဂက လာမဲ့ ဇူလိုင်လက စပြီး ပိတ်ပင် လိုက်တာကို တုန့်ပြန်တဲ့ အနေနဲ့ အီရန် ကလည်း သူ့ရဲ့ ရေနံတွေကို ပြင်သစ်နဲ့ ဗြိတိန် နိုင်ငံတွေကို ရောင်းချနေတာကို ရပ်တန့် လိုက်ပါတယ်။

အီရန်ရေနံ ဝန်ကြီးဌာန ကပြောခွင့် ရသူက အီရန်အနေနဲ့ နောက်ထပ် ဝယ်သူ အသစ်တွေ ရှာလို့ ရောင်းချသွား မယ်လို့ ဆိုပါတယ်။

အဲဒီ အကြောင်းကို အီရန် ရုပ်မြင်က ကြေငြာသွား ရာမှာ ပြင်သစ်နဲ့ ဗြိတိသျှ ကုမ္ပဏီ တွေကို ရေနံ တင်ပို့ ရောင်းချ မှုတွေကို တဟီရန် ကရပ်လိုက် ကြောင်း၊ ဗြိတိသျှ နဲ့ ပြင်သစ် ကုမ္ပဏီ တွေရဲ့ နေရာမှာ အစား ဖြည့်ဖို့ အီရန် ရဲ့ ရေနံ ကို ဝယ်မဲ့ ဝယ်လက်အသစ် တွေနဲ့ အစားထိုး သွားမယ်လို့ ပြောခွင့်ရသူ က ပြောသွားတဲ့ အကြောင်း၊ ဥရောပ သမဂ္ဂ က အီရန် နိုင်ငံ ရဲ့ နျူကလီးယား စွမ်းအင် စီမံကိန်းနဲ့ ပတ်သက်ပြီး ရေနံတင်ပို့မှုတွေကို ပိတ်ပင်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကြေငြာခဲ့ ပေမယ့် အီရန်ကတော့ အမှုမထားကြောင်းနဲ့ အမေရိကန် ကလဲ တရုတ်အပါအဝင် တခြားနိုင်ငံတွေကို အီရန်က ရေနံ မဝယ်ယူဖို့ တားမြစ်ဖို့ ကြိုးစားခဲ့သေး တဲ့အကြောင်း တွေကို ပြောကြား သွားပါတယ်။

ဒါပေမယ့်လည်း အီရန်ရဲ့ လုပ်ရပ်ဟာ တကယ်တန်းမှာတော့ ဘာမှ ထိရောက်မှု သိပ်ရှိမှာ မဟုတ်ဘူးလို့ သတင်းထောက်တွေ က သုံးသတ်ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်က ဆိုရင် ပြင်သစ် နိုင်ငံက သူ့ရဲ့ ရေနံ လိုအပ်မှုရဲ့ ၃ ရာခိုင်နှုန်းသာ ဝယ်ယူခဲ့ပြီး၊ ဗြိတိန်ရဲ့ တင်သွင်းမှု ကလည်း ဒီထက်တောင် နည်းပါသေးတယ်။

အီးယူ ဘက်ကလည်း အီရန်ဟာ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ စိုးရိမ်တဲ့ အတွက် ပိတ်ဆို့ မှုတွေကို ပိုမို အရှိန်မြှင့် လာခဲ့ပါတယ်။