ဆီးရီးယားဆိုင်ရာ အီဂျစ်သံအမတ်ကို ပြန်ခေါ်

  • 19 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယားက ၁၁ လကြာ အကြမ်းဖက်မှုတွေ ကြောင့် လူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ပြီ

ဆီးရီးယား နိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်ကို အီဂျစ်နိုင်ငံက ပြန်ခေါ်လိုက်ပြီ ဖြစ်ပါ တယ်။ အီဂျစ်လူထုကြားမှာလည်း အခုလို ပြန်ခေါ်ဖို့ အတွက် သဘောထားတွေ များလာနေတာကို အစိုးရက တုံ့ပြန် ဆောင်ရွက်လိုက်တာလည်း ဖြစ်ပါတယ်။

ပင်လယ်ကွေ့နိုင်တွေရဲ့ ဆီးရီးယား ကိုယ်စား လှယ် အဖွဲ့ကို ဆီးရီးယား ကနေ ပြန်ရုပ်ခဲ့ပြီး ဆီးရီးယား သံအမတ်တွေကို အခုလ အစောပိုင်းက မောင်းထုတ်ခဲ့ပြီး နောက် အခု အီဂျစ်သံအမတ်ကို ပြန်ခေါ်တာကိုကြည့်ရင် ဒါဟာ ဆီးရီးယား သမ္မတ ဘာရှား အဲလ်အာဆတ်အပေါ် ဖိအားပေးမှုတွေ တိုးပွားလာ နေတာ ဖြစ်တယ်လို့ ရှု့မြင်ရပါတယ်။

ဆီးရီးယားနိုင်ငံထဲမှာတော့ နိုင်ငံပိုင် သတင်းအေဂျင်စီကနေ နိုင်ငံ အနောက်မြောက်ဘက် ပိုင်းမှာ အမှုလိုက် ရှေ့နေတဦးနဲ့ တရားသူကြီးတဦး သတ်ဖြတ်ခံလိုက် ရတယ်လို့ ကြေညာသွားပါတယ်။

အဲဒီသတင်းဌာနရဲ့ အဆိုအရ လက်နက်ကိုင် အကြမ်းဖက် အုပ်စုတွေက အစ်ဒ်လစ်ဘ် မြို့ကို သွားနေတဲ့ ရှေ့နေနဲ့ တရားသူကြီးတို့ရဲ့ ယာဉ်ကို သေနတ်နဲ့ ဝိုင်းပစ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကတော့ ဒါဟာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ လုပ်ကြံ သတ်ဖြတ်မှု ဖြစ်တယ်လို့ စွပ်စွဲပြောကြားပါတယ်။

အစိုးရတပ်ဖွဲ့တွေဟာ ဟုမ်းစ်မြို့ကိုလည်း အမြောက်တွေနဲ့ ထပ်မံ ပစ်ခတ်နေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

နိုင်ငံရဲ့ တတိယအကြီးဆုံး မြို့ဖြစ်တဲ့ အဲဒီ ဟုမ်းစ်မြို့မှာ Free Syrian Army လို့ခေါ်တဲ့ ဆီးရီးယားလွတ်မြောက်ရေး တပ်ဖွဲ့တွေ ခြေကုပ်ယူထားကြတာ ဖြစ်ပါတယ်။