ချင်းပြည်နယ်နေ့ ကျင်းပမှု ဒေသခံများ မကျေနပ်

  • 20 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် bbc burmese
Image caption နော်ဝေရောက် ချင်းလူမျိုးများကလဲ ချင်းအမျိုးသား နေ့ကို ပျော်ရွှင်စွာ ဆင်နွှဲကြပါတယ်

ဒီကနေ့ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ၆၄ ကြိမ်မြောက် ချင်းအမျိုးသား နေ့ကို ချင်းအမျိုးသား တွေ အားလုံး တောင်းဆိုတဲ့ ကြားကပဲ လက်ရှိ ချင်းပြည်နယ် အစိုးရက ချင်းပြည်နယ်နေ့ အဖြစ်ပဲ ဟားခါးမြို့ ပြည်သူ့ အားကစား ကွင်းမှာ ကျင်းပ ပေးခဲ့ ပါတယ်။

၁၉၄၈ လွတ်လပ်ရေး ရပြီး နောက်ပိုင်း တိုင်းအုပ်ချုပ်ရေး စနစ်ကို ဖျက်ပြီး ဒီမိုကရေစီ စနစ်နဲ့ အစားထိုး တဲ့နေ့ကို ချင်းအမျိုးသားနေ့ အဖြစ် သတ်မှတ် ပြီးတော့ ၁၉၇၄ ခုနစ် အခြေခံ ဥပဒေ အရ ချင်းဒေသတိုင်းကို ချင်းပြည်နယ်အဖြစ် သတ်မှတ်ခဲ့တဲ့ ဇန်နဝါရီလ (၃) ရက်နေ့ ကို ချင်းပြည်နယ်နေ့ အဖြစ် သတ်မှတ်တာ ဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ကိုတော့ ချင်းအမျိုးသားနေ့လို့ ခံယူထား တာကြောင့် ဒေသခံတွေက မကျေနပ် ကြဘူးလို့ ဟားခါးမြို့ခံ ဦးဘန်လျန်းက ဘီဘီစီကို ပြောပြခဲ့ပါတယ်။

ချင်းပြည် နယ်မှာ ချင်း အမျိုးသား နေ့ ကျင်းပခွင့် မရပေမယ့် အိန္ဒိယ နိုင်ငံကို ရောက်နေတဲ့ ချင်းတိုင်းရင်းသား တွေကတော့ ချင်းအမျိုးသားနေ့ကို နယူးဒေလီ အနောက်ပိုင်းက ဘန်ဒါပူရ် အရပ်မှာ တနင်္လာနေ့က ကျင်းပခဲ့ပါတယ်။

မြန်မာပြည်မှာ ချင်းအမျိုးသားနေ့ ကျင်းပခွင့် မရတာဟာ အစိုးရက ချင်းလူမျိုးတွေရဲ့ အမျိုးသားရေး လုပ်ငန်းတွေကို ချေဖျက်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဒီအခမ်းအနားမှာ တက်ရောက်ခဲ့တဲ့ မကြာခင်က မြန်မာ အစိုးရနဲ့ ပဏာမ ငြိမ်းချမ်းရေး သဘော တူညီမှု ယူထားတဲ့ ချင်းအမျိုးသား တပ်ဦး CNF ရဲ့ ဗဟို ကော်မတီ၀င် ဗိုလ်မှုးကြီး ဆော်လမွန်က ပြောပါတယ်။

တက်ရောက် လာတဲ့ နိုင်ငံရေး ခေါင်းဆောင် လက်နက်ကိုင် ခေါင်းဆောင် အသီးသီး ကလည်း စည်းလုံး ညီညွတ်ကြဖို့ အမှာစကားတွေ ပြောသွားကြပြီး ချင်းတိုင်းရင်းသား တွေက ရိုးရာအက ရိုးရာ သီချင်းတွေကို သီဆို ဖျော်ဖြေ ခဲ့ကြပါတယ်။

နယူးဒေလီမှာ ကျင်းပတဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားမှာ အိန္ဒိယကို အကြောင်း အမျိုးမျိုးကြောင့် ရောက်နေတဲ့ ချင်းတိုင်းရင်သား မျိုးစုံ ၁ထောင်ကျော်ဟာ သူတိုရဲ့ ရိုးရာ ၀တ်စုံတွေ ကိုယ်ဆီ ၀တ်ပြီး တက်ရောက် ခဲ့ပါတယ်။

အလားတူပဲ ချင်းအမျိုးသားနေ့ကို နိုင်ငံတကာရောက် ချင်းလူမျိုးတွေက မိမိတို့ ရောက်ရာ နိုင်ငံတွေမှာ ပြုလုပ် ကျင်းပခဲ့ပါတယ်။