ယူရိုဇုန်ထဲက ဂရိ အကြပ်အတည်း ဖြေရှင်းဖို့ တန့်နေဆဲ

  • 20 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ဂရိ ဝန်ကြီးချုပ် လူးကတ်စ် ပါပါဒေးမိုးစ်

ဂရိခ် စီးပွားရေး အကြပ်အတည်းကို ကယ်တင်ဖို့ နောက်ထပ် ထောက်ပံ့မှု အတွက် သဘောတူညီချက် ရနိုင်တယ်လို့ ယုံကြည်ကြောင်း ဘရပ်ဆဲလ်စ်မြို့မှာ ကျင်းပနေတဲ့ အစည်းအဝေးမှာ ယူရိုဇုန် ဘဏ္ဍာရေး ဝန်ကြီးတွေက ပြောပါတယ်။

ဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ ဥက္ကဌ ခရစ်စတင်း လဂါး ကလည်း ဂရိ ဖက်က အပြင်းအထန် ကြိုးစားထားတဲ့ အချက်တွေကို မြင်ရပြီ ဖြစ်တာကြောင့် အခုတော့ သက်ဆိုင်ရာ အဖွဲ့တွေ အားလုံး ပေါင်းပြီး တညီတညွတ်တည်း ဒီကိစ္စကို ဖြေရှင်းဖို့ အရေးကြီးနေပြီး အဲဒီလို လုပ်ဆောင်တဲ့ အခါ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ ကလည်း အတူပူးပေါင်းဖို့ အဆင်သင့် ပါဘဲလို့ အိုင်အမ်အက်ဖ် ဥက္ကဌက ပြောပါတယ်။

ဂျာမန် ဘဏ္ဍာရေး ဝန်ကြီးကလည်း သူ့အနေနဲ့ သဘောတူညီချက် ရဖို့ ယုံကြည်မှု ရှိပေမယ့် ဆက်လက် ဖြေရှင်း လုပ်စရာတွေ ရှိနေသေးတယ်လို့ ထောက်ပြ ပြောဆိုခဲ့ ပါတယ်။

ဖြေရှင်းရမယ့် ကိစ္စတွေထဲမှာ အရေး အကြီးဆုံး ဖြစ်တဲ့ ကြီးမားလှတဲ့ ဂရိခ်ရဲ့ ကြွေးမြီ ဝန်ထုပ်ဝန်ပိုးကို အတန်အသင့် အနေအထားထိ ဘယ်လို လျှော့ပစ်မလဲ ဆိုတာနဲ့ ဂရိ အနေနဲ့ ခြိုးခြံချွေတာရေး အစီအစဉ်တွေကို လိုက်နာ ဆောက်ရွက်အောင် ဘယ်လို လုပ်ဆောင်မလဲ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

အခုတော့ နောက်ထပ် အကြွေးတွေကို လျှော်ပစ်နိုင်ဖို့ ဂရိ ဝန်ကြီးချုပ် Lucas Papademos ဟာ ပုဂ္ဂလိက မြီရှင်တွေကို ထပ်မံ ဆွေးနွေး နေတယ်လို့ သတင်းရရှိ ပါတယ်။

အခုကူညီမယ့် ကယ်တင် ထောက်ပံ့ရေး အစီအစဉ် အရ ဂရိခ်ဟာ ချေးငွေ ဒေါ်လာ ဘီလီယံ ၁ရဝ ထပ်ရမှာ ဖြစ်ပါတယ်။