ဆီးရီးယား အပစ်ရပ်ရေး ကြက်ခြေနီအဖွဲ့ ညှိနှိုင်းပေး

ဓာတ်ပုံ မူပိုင် BBC World Service
Image caption နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ကယ်ဆယ်ရေး အကူအညီတွေ ပို့နိုင်အောင် ကြိုးစားနေ

ဆီးရီးယား နိုင်ငံမှာ အဆိုးရွားဆုံး ပစ်ခတ် နှိမ်နင်းမှုတွေ ဖြစ်နေတဲ့ နေရာတွေကို လူမှု ကယ်ဆယ်ရေး အကူအညီတွေ အရောက် ပေးပို့နိုင်အောင် အကန့်အသတ်နဲ့ အပစ်ခတ် ရပ်စဲဖို့ အာဏာပိုင်တွေနဲ့ အတိုက်အခံ အဖွဲ့တွေကြား ဝင်ရောက် ညှိနှိုင်း ကြိုးစား နေတယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။

ဟော်မ်စ် ၊ ဟာမာ့နဲ့ ဒမားစကတ်စ်မြို့တွေက အကြမ်းဖက် နှိမ်နင်းမှု ဖြစ်တဲ့ နေရာတွေမှာ အရေးပေါ် ကယ်ဆယ်ရေး အကူအညီ ပေးနိုင်ဖို့ ရည်ရွယ်တာပါလို့ ကြက်ခြေနီ အဖွဲ့ ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

အပစ်အခတ် ရပ်စဲမှု ရခဲ့ရင်လည်း ဒါဟာ အချိန် အကန့်အသတ် တခု အနေနဲ့သာ ဖြစ်လိမ့်မယ်လို့ ကြက်ခြေနီ အဖွဲ့က ညွှန်းဆို ပြောသွားခဲ့ပါတယ်။

သံတမန် အသိုင်းအဝိုင်း ကတော့ အဲလို အပစ်ရပ်မှု ရခဲ့ရင်လည်း နည်းနိုင်သမျှ အနည်းဆုံး အချိန် ဖြစ်တဲ့ နာရီပိုင်း လောက်သာ ဖြစ်လိမ့်မယ်လို့ ခန့်မှန်း ပြောဆို နေကြပါတယ်။