ဂရိအတွက် ကူညီရေး ရံပုံငွေ EU ပေးမည်

  • 21 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် afp
Image caption EU ဘဏ္ဍာရေး ဝန်ကြီးများ

ဂရိနိုင်ငံရဲ့ အကြွေး ဆပ်ရန် ပျက်ကွက် မှုတွေ မဖြစ်ဖို့ ကာကွယ် တားဆီးတဲ့ အနေနဲ့ ကူညီရေး ရံပုံ ငွေတွေကို ထုတ်ပေးဖို့ ဥရောပ ဝန်ကြီး တွေက အင်္ဂါနေ့မှာ သဘောတူ လိုက်ပါတယ်။

ဥရောပ ဘဏ္ဍာရေး ဝန်ကြီးချုပ် ရန်ကလိုဒီ ယွန်ကာ (Jean-Claude Juncker) ကအခု ဒီသဘော တူညီချက်ဟာ ဂရိနိုင်ငံ ရှေ့ရေးကို ယူရိုဇုန် အတွင်းမှာ ရှိနေဖို့ ကူညီရာ ရောက်စေ ပါတယ်၊ ဒါပေမယ့် ဂရိနိုင်ငံ လူအဖွဲ့အစည်း အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှု ကတော့ လိုအပ်နေတယ်လို့ ပြောပါတယ်။

ဂရိ ဝန်ကြီးချုပ် လူးကပ်စ် ပါပါဒီးမော့စ် (Lucas Papademos) က ဒီသဘောတူညီချက်ဟာ ဂရိနိုင်ငံ တည်ငြိမ်ရေး အတွက် ဦးတည် နေတာမို့ ဒီ ဥရောပရဲ့ ကူညီရေး ရံပုံငွေဟာ ဂရိ နိုင်ငံရဲ့ သမိုင်းဝင် အခွင့်အရေး တခု ဖြစ်တယ်လို့ ပြောပါတယ်။

အခု ဂရိက ရမယ့် ကူညီရေးငွေ ဒေါ်လာ ၁၇၀ ဘီလီယံ ဟာ ဂရိ နိုင်ငံသား တွေရဲ့ လိုလား ချက် ဖြစ်တယ် လို့လည်း ဝန်ကြီးချုပ်က ဆက်လက် ပြောကြား ခဲ့ပါတယ်။

ဒါပေမယ့် အခု သဘောတူ လိုက်တဲ့ ကူညီရေး ရံပုံငွေ ကိစ္စ ဟာ သာမာန် ဂရိ ပြည်သူတွေကို ကူညီရာ ရောက်မှာ မဟုတ်တဲ့အတွက် ကောင်းမွန်တဲ့ ညှိနှိုင်း ဆောင်ရွက်မှု မဟုတ်ဘူးလို့ အေသင်မြို့ ကုန်သည်များအသင်း ဥက္ကဌ ကွန်စတန်ထိုင်း မိုက်ကယ်လော့စ် (Constantine Michalos) က ပြောကြား လိုက်ပါတယ်။

ဒီသဘော တူညီချက်ကို တုန့်ပြန်တဲ့ အနေနဲ့ အေသင်မြို့မှာ ပြင်ပ စီးပွားရေး စောင့်ကြည့်သူ တွေကို လက်ခံထား ရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂရိနိုင်ငံဟာ နိုင်ငံရဲ့အကြွေး ငွေတွေကို တိုင်းပြည် ဝင်ငွေ (GDP) ရဲ့ ၁၂၀% အထိ ၂၀၂၀ ခုနှစ် နောက်ဆုံး ထားပြီး လျှော့ချရမှာ ဖြစ်တဲ့ အတွက် ဂရိနိုင်ငံဟာ အတော်လေးကို ရုန်းကန် ရလိမ့်မယ်လို့ စီးပွားရေး သုံးသပ်သူ တွေက ပြောဆို နေကြပါတယ်။