ဆီးရီးယားမှာ သတင်းထောက် နှစ်ယောက် သေဆုံး

  • 22 ဖေဖော်ဝါရီ 2012

ဆီးရီးယား နိုင်ငံ ဟုမ်းမ် မြို့မှာ အစိုးရ စစ်တပ် ရဲ့ ဗုံးကြဲ တိုက်ခိုက်မှု အတွင်း အနောက်တိုင်း သတင်းထောက် နှစ်ယောက် သေဆုံး ခဲ့ရ ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဟုမ်းမ် မြို့မှာ အစိုးရ တပ်ဖွဲ့တွေ ဗုံးကျဲတယ်လို့ စွပ်စွဲ ထားတဲ့ You Tube ဗီဒီယိုက ရယူထားတဲ့ ပုံရိပ်

အန္တရာယ် များလွန်းလှတဲ့ လက်နက်ကိုင် ပဋိပက္ခ ဇုံအတွင်း ကနေ သတင်းတွေ ပေးပို့ ခဲ့ကြရင်း သေဆုံး ခဲ့ကြတဲ့ သတင်းထောက်တွေ ကတော့ ဗြိတိန်နိုင်ငံထုတ် The Sunday Times သတင်းစာ ရဲ့ သတင်းထောက် အမျိုးသမီး အမေရိကန် လူမျိုး မာရီ ကော်လ်ဗင် Marie Colvin နဲ့ ရမ်မီ အော့ချ်လစ် Remi Ochlik တို့ပဲ ဖြစ် ပါတယ်။

သူတို့ နှစ်ယောက် စလုံးဟာ ကမ္ဘာအနှံ က စစ်ပွဲ ဖြစ်ရာ နေရာ တွေကို သွားရောက်ပြီး စစ်ကြောင့် ပေးဆပ်ရတဲ့ လူသား တန်ဖိုးတွေ အကြောင်း သတင်း ပေးပို့ နေကြ သူတွေပါ။

စစ် သတင်းထောက် မာရီ ကော်လ်ဗင်ဟာ အန္တရာယ် အလွန်များတဲ့ စစ်ပွဲ တွေ အတွင်း ကနေ သတင်းပို့ လာခဲ့တဲ့ လုပ်သက် နှစ် ပေါင်း ၃၀ လောက် ရှိခဲ့ပြီး သတင်း ထောက် အသိုင်းအဝိုင်းမှာ လည်း လူသိများ လှသူ အမျိုးသမီး ဖြစ်ပါတယ်။

The Sunday Times ရဲ့ နိုင်ငံခြား သတင်းထောက် ဖြစ်သူ မာရီ ကော်လ်ဗင်ဟာ အမေရိကန်မှာ မွေးဖွားသူ ဖြစ်ပေမဲ့ ဗြိတိန်မှာ အခြေချ နေထိုင် နေတာ ဖြစ်ပါတယ်။ သူ မကွယ်လွန်ခင် တစ်ရက် အင်္ဂါနေ့ ကတောင် ဟုမ်းမ် မြို့ မှာ ဆီးရီးယား အစိုးရ စစ်တပ် က အသည်းအသန် တိုက်ခိုက် နေပုံ ကို သူ သတင်းပို့ခဲ့ ပါသေးတယ်။

မနက် ၆ နာရီခွဲ ကတည်း က အမြောက်သံတွေ ကြား နေခဲ့ရတာ ခြောက်ခြား စရာ ကောင်းတယ်၊ အရပ်သားတွေ နေထိုင်တဲ့ နေရာထဲမှာ စက္ကန့် ၃၀ လောက် အတွင်း အမြောက် ဗုံးကွဲသံ ၁၄ သံတောင် ကြားခဲ့ရ တယ်လို့ ဘာဘာ အမာ အရပ် ကနေ သူ သတင်း ပို့ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption တိုက်ခိုက်မှု ကြား သေဆုံး ခဲ့ကြရတဲ့ စစ် သတင်း ထောက် မာရီ ကော်လ်ဗင် (ဝဲ) နဲ့ ဓါတ်ပုံ သတင်း ထောက် ရမ်မီ အော့ချ်လစ်(ယာ)

ဗုဒ္ဓဟူး နေ့က မာရီ ကော်လ်ဗင်နဲ့ ရမ်မီ အော့ချ်လစ်တို့ အပါအဝင် သတင်းထောက် တွေ ယာယီ တည်းခိုနေတဲ့ အဲဒီ ဘာဘာ အမာ အရပ် ထဲက အဆောင်အဦ တစ်ခု ကို အမြောက် ဗုံး မှန် ပြီး သူတို့ နှစ်ယောက် သေဆုံးခဲ့ရ ပါတယ်။

တိုက်ခိုက်မှုမှာ နောက်ထပ် နိုင်ငံခြားသား သတင်းထောက် သုံးယောက်လည်း ဒဏ်ရာရခဲ့ ကြတယ်လို့ ဆီးရီးယား အရေး လှုပ်ရှား တက်ကြွသူ တွေ ကပြောပါတယ်။

စစ်တပ်ဘက်က ဒုံးကျည် တွေ နဲ့လည်း အဲဒီ အဆောက် အဦ ကို ပစ်ခတ် ကြသေးတယ် လို့သိရ ပါတယ်။

မာရီ ကော်လ်ဗင် ဟာ ၂၀၀၁ ခုနှစ် တုန်း က သီရိ လင်္ကာ မြောက်ပိုင်း သူပုန် တွေ ထိန်းချုပ်ရာ နယ်မြေမှာ အလုပ်လုပ် နေတုန်း ဒဏ်ရာရ ခဲ့လို့ မျက်စေ့ တဘက် ဆုံးရှုံးခဲ့ ရပါ သေးတယ်။

ပဋိပက္ခတွေ အတွင်း သေဆုံး ခဲ့ကြရတဲ့ သတင်းထောက် တွေကို ဂုဏ်ပြု ကြတဲ့ အခမ်းအနား တစ်ခု ကို ၂၀၁၀ ခုနှစ်က ပြုလုပ်ခဲ့ရာမှာ မာရီ ကော်လ်ဗင်က စစ်ပွဲ တွင်း ကနေ သတင်း ပို့ရတဲ့ အလုပ်ဟာ အန္တရာယ်များလှ ပေမဲ့ စစ်ပွဲရဲ့ ရက်စက် ကြမ်းကြုတ်မှု တွေကို တိတိကျကျ၊ ဘက်လိုက်မှု ကင်းကင်း သတင်း ပို့ရမှာ က သတင်း သမား တွေရဲ့ တာဝန်ပဲ လို့ ပြောခဲ့ ပါတယ်

အခု သူ သေဆုံးပြီ ဆိုတဲ့ သတင်း ကြားတော့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက အင်မတန် ၀မ်းနည်း ရကြောင်း ထုတ်ဖော် ပြောခဲ့ ပါတယ်။

မာရီ ကော်လ်ဗင်နဲ့ အတူ သေဆုံး သွားခဲ့သူ ရမ်မီ အော့ချ်လစ် ကတော့ ပြင်သစ် နိုင်ငံသား ဓာတ်ပုံ သတင်းထောက်ပါ။ သူက လည်း လက်နက်ကိုင် ပဋိပက္ခ နယ်မြေ တွေကို စွန့်စွန့် စားစား သွားပြီး သတင်း ယူခဲ့သူ ဖြစ်ပါတယ်။

ဓာတ်ပုံ သတင်းထောက် အလုပ် ကို ၂၀၀၄ ခုနှစ် က ဟေတီ နိုင်ငံက တိုက်ပွဲတွေ ကြားမှာ စတင် လုပ်ခဲ့ တာ ဖြစ်ပါတယ်။

အကြမ်း ဖက်မှုတွေ များတဲ့ ၂၀၀၈ ခုနှစ် တုန်းက ကွန်ဂို ဒီမို ကရက်တစ် သမ္မတ နိုင်ငံမှာ စစ်ပွဲတွေ ကြား ဓာတ်ပုံ သတင်းထောက် လုပ်ခဲ့ ပါတယ်။

၂၀၁၁ ခုနှစ်က လစ်ဗျား စစ်ပွဲ ကို သူ ရောက်ခဲ့ သလို အဲဒီတုန်း က သူရိုက်ခဲ့ တဲ့ လစ်ဗျား သူပုန် တစ်ယောက်ရဲ့ ဓာတ်ပုံနဲ့ ၂၀၁၂ အတွက် World's Press Photo ပထမဆု ကို ပူပူ နွေးနွေး ဆွတ်ခူး ထားခဲ့သူ လည်း ဖြစ် ပါတယ်။