အာဖဂန်ဆန္ဒပြမှု နေတိုးတပ်ဖွဲ့ဝင် နှစ်ဦးသေ

  • 23 ဖေဖော်ဝါရီ 2012
Afghanistan ဓာတ်ပုံ မူပိုင် AFP
Image caption မကျေမနပ် ဆန္ဒပြကြသူများ

အာဖဂန်နစ္စတန်နိုင်ငံမှာ အစ္စလာမ် ဘာသာဝင်တွေရဲ့ ကိုရမ် ကျမ်းစာကို အမေရိကန် တပ်ဖွဲ့ဝင်တွေက မီးရှို့ ဖျက်ဆီးခဲ့ကြတယ် ဆိုတဲ့ သတင်းကြောင့် မကျေမနပ် ဆန္ဒပြမှုတွေ ၃ရက်ကြာ ဖြစ်ပွားနေရာမှာ အာဖဂန် နိုင်ငံသား အနည်းဆုံး ၆ ဦးနဲ့ နေတိုး တပ်ဖွဲ့ဝင် ၂ဦး သေဆုံးခဲ့ပါတယ်။ အတော် များများလည်း ဒဏ်ရာ ရသွားပါတယ်။

အကြမ်းဖက်မှုတွေဆီထိ ဦးတည်လာတဲ့ ဒီလို ဆန္ဒပြမှုတွေဟာ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းကနေ အနောက်ပိုင်းထိ ပြန့်နှံ့သွားခဲ့ပါပြီ။

အဲဒီထဲမှာ အဆိုးဝါးဆုံး ဖြစ်ရပ်ကတော့ နိုင်ငံ အရှေ့ပိုင်း နဲန်ဂါဟာ ပြည်နယ်မှာပါ။ အဲဒီမှာ ဆန္ဒပြသူတွေက အမေရိကန်နဲ့ အာဖဂန် ပူးတွဲ စစ်စခန်းတခုကို တိုက်ခိုက်ခဲ့ကြရာမှာ အာဖဂန် စစ်ဝတ်စုံ ဝတ်ထားသူတဦးက အဲဒီမှာ ရှိတဲ့ နိုင်ငံခြား တပ်ဖွဲ့ဝင်တွေကို သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ အာဖဂန် တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

နေတိုးတပ်ဖွဲ့ဝင် ၂ဦး သေဆုံးသွားကြောင်းကို နေတိုးအဖွဲ့က အတည်ပြု ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ရာမှာ အနည်းဆုံး ဆန္ဒပြသူ ၂ဦးလည်း သေဆုံးခဲ့တယ်လို့ အာဖဂန် တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံတဝန်းက တခြားနေရာတွေမှာလည်း ဆန္ဒပြမှုတွေ ဖြစ်ခဲ့ရာမှာ လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ကာဘူးမြို့ အရှေ့ဘက်က ပြင်သစ် စစ်စခန်းတခုကိုလည်း ဆန္ဒပြသူတွေက တိုက်ခိုက်ခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

တင်းမာနေမှုတွေ လျော့ပါးသွားအောင် ကြိုးပမ်းတဲ့အနေနဲ့ အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်းဟာ လူမျိုးစု ခေါင်းဆောင်တွေ၊ နိုင်ငံရေး သမားတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေအနေနဲ့ အကြမ်းဖက်မှုကို အသုံးမပြုပဲ အရပ်သားတွေရဲ့ အသက်စည်းစိမ်ကို ကာကွယ်သင့်တယ်လို့ သမ္မတ ကာဇိုင်းက အစောပိုင်းက ပြောပါတယ်။

တခြားမြို့ကြီးမြို့ငယ်တွေမှာလည်း ဒီကိစ္စအပေါ် မကျေနပ်ကြောင်း ဖေါ်ထုတ် ပြသကြဖို့ ဖိအားပေး ပြောဆိုမှုတွေ ရှိနေတာကြောင့် ဆန္ဒပြမှုတွေ နောက်ထပ် ပျံ့နှံ့ သွားမှာကို အာဖန် လုံခြုံရေး တာဝန်ရှိ ပုဂ္ဂိုလ်တွေက စိုးရိမ်နေကြပါတယ်။

အခုအခါ ဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ လုပ်နေပြီလို့ နေတိုးတပ်ဖွဲ့က ပြောပါတယ်။