အီရတ်နိုင်ငံ ဗုံးခွဲတိုက်ခိုက်မှု လူ ၅၀ သေဆုံး

  • 23 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပေါက်ကွဲမှုအများဆုံး ကတော့ မြို့တော် ဘဂ္ဂဒက်မှာ ဖြစ်ပွားခဲ့တာပါ

အီရတ်နိုင်ငံမှာ ရှီရာမွတ်ဆလင်တွေနဲ့ ရဲတွေကို ပစ်မှတ်ထားပြီး ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပွားခဲ့တဲ့ အတွက် လူ ၅၀ ထက် မနည်းသေဆုံးသွားပြီး၊ တခြား လူ ၂၀၀ ကျော် ကတော့ ဒဏ်ရာ ရရှိသွားကြ ပါတယ်။

ပြည်နယ်အတော်များများက မြို့ကြီးအများစုမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကြတာ ဖြစ်ပြီး ပေါက်ကွဲမှုအများဆုံး ကတော့ မြို့တော် ဘဂ္ဂဒက်မှာ ဖြစ်ပွားခဲ့တာပါ။

အရင် တိုက်ခိုက်မှုတွေကို အီရတ် ဒုတိယ သမ္မတဖြစ်သူ ဆူနီလူမျိုး တာရတ် အဲလ် ဟတ်ရှီမီ က စီစဉ်ဆောင်ရွက်ခဲ့တာဆိုတဲ့ စွပ်စွဲမှုတွေအပေါ် စုံစမ်းစစ်ရေး အဖွဲ့ကလည်း ဟုတ်မှန် ကြောင်း ပြောဆိုခဲ့ပြီး တပတ်အကြာမှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

မစ္စတာ ဟတ်ရှီမီကတော့ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပြီး၊ သူ့ကို ဒီဇင်ဘာလက ဖမ်းဝရမ်း ထုတ်ပြန်ထားတဲ့အတွက် ကာ့ဒ်လူမျိုးဒေသဘက်မှာ ပုန်းရှောင်နေတာ ဖြစ်ပါ တယ်။

အခုလို စွပ်စွဲချက်တွေဟာ နိုင်ငံရေးအရ ရည်ရွယ်လုပ်ဆော်တာ ဖြစ်တယ်လို့လည်း မစ္စတာ ဟတ်ရှီမီက ပြောပါတယ်။