တရုတ်နဲ့ ရုရှား ဗီတိုသုံးတာ စက်ဆုပ် ရွံ့စရာကောင်းတယ်လို့ ကလင်တန်ပြော

  • 25 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆီးရီးယား မိတ်ဆွေများ ညီလာခံက ကလင်တန်

ဆီးရီးယား နိုင်ငံမှာ စစ်တပ်က လူထုကို သတ်ဖြတ်နေချိန်မှာ ကုလသမဂ္ဂရဲ့ ဆီးရီးယား အစိုးရ အပေါ် အရေးယူမှုကို ရုရှားနဲ့ တရုတ်နိုင်ငံ က ဆန့်ကျင်တာဟာ စက်ဆုပ် ရွံ့ရှာစရာ ကောင်းတယ်လို့ ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ပါတယ်။

အမျိုးသမီးနဲ့ ကလေးတွေ ၊ ရဲရင့်ရဲ့ လူငယ်တွေ အသတ်ခံရပြီး အိမ်ယာတွေ မီးရှို့ခံနေရ ချိန်မှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နှစ်နိုင်ငံက သူတို့ရဲ့ ဗီတိုကို သုံးပြီး မျက်ကွယ်ပြုနေတာကို ကြည့်ရတာ တကယ့်ကို စိတ်ပျက်ဖို့ ကောင်းတယ်လို့ မစ္စက် ကလင်တန်က ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ရုရှားဟာ ဆီးရီးယားကို လက်နက် ထောက်ပံ့နေတာကြောင့် ရုရှားရဲ့ လက်မှာ သွေးတွေ စွန်းထင်းနေတယ်လို့ သူက ပြောပါတယ်။

ဆီးရီးယားရဲ့ မိတ်ဆွေများ လို့ အမည်ရတဲ့ အဖွဲ့ထဲမှာ နိုင်ငံပေါင်း ခြောက်ဆယ်လောက် ပါဝင်ကြပြီး တူးနစ်မြို့မှာ ကျင်းပတဲ့ အဲဒီအဖွဲ့ အစည်းအဝေးမှာ မစ္စက် ကလင်တန်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒီညီလာခံကို ရုရှားနဲ့ တရုတ် နိုင်ငံ ကိုယ်စားလှယ်တွေ တက်ရောက်တာ မရှိခဲ့ပါဘူး။