အီရန် နျူကလီးယား ကိစ္စ အနောက်အုပ်စုကို ပူတင်ဝေဖန်

  • 25 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ရုရှားက ဆောက်ပေးတဲ့ အီရန်က နျူကလီးယား စက်ရုံ

အီရန် နိုင်ငံက နျူကလီးယား အစီအစဉ်ကို အကြောင်းပြပြီး အီရန် အစိုးရ အပြောင်းအလဲ ဖြစ်သွားအောင် အနောက်အုပ်စုက ကြိုးစားနေတယ်လို့ ရုရှား ဝန်ကြီးချုပ် Vladimir Putin ဗလာဒီမာ ပူတင်က စွပ်စွဲ ပြောကြား လိုက်ပါတယ်။

ရုရှား ရပ်တည်ချက်က အနောက်အုပ်စုနဲ့ ကွဲပြားပြီး အနောက်အုပ်စုရဲ့ ကြိုးပမ်းချက် တွေကိုလည်း ဆန့်ကျင်တယ်လို့ မစ္စတာ ပူတင်က ဆိုပါတယ်။

ဒီနျူကလီးယား အစီအစဉ်ဟာ အရပ်ဖက်မှာ အသုံးချဖို့ပါလို့ အီရန်ရဲ့ တစိုက်မတ်မတ် ပြောနေပေမယ့် စစ်ဖက် အတွက် ပြောင်းလဲ အသုံးချမှာကို အလွန်အမင်း ဆက်ပြီး စိုးရိမ်မိတယ်လို့ နိုင်ငံတကာ အနုမြူ အေဂျင်စီ IAEA က ပြောကြား ခဲ့ပြီးတဲ့နောက် မစ္စတာ ပူတင်ရဲ့ အနောက်အုပ်စု အပေါ် ဝေဖန်ချက် ထွက်လာတာ ဖြစ်ပါတယ်။

အီရန် အစိုးရဟာ IAEA နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ဆက်လက် လုပ်ဆောင်သွား ပါလိမ့်မယ်လို့ IAEA အရာရှိက ပြောပါတယ်။

အီရန် နျူကလီးယား အစီအစဉ်ကို အရပ်ဖက်အတွက်သာ အသုံးချ စေချင်တဲ့ နိုင်ငံတကာရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒကို လိုက်လျောဖို့ အီရန်ဖက် က ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။