ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲ အရေးကြီး

  • 24 ဖေဖော်ဝါရီ 2012

မြန်မာနိုင်ငံကို လေးရက်ကြာ သွားရောက်ခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ စူရင် ပစ်ဆူဝမ်က ဧပြီ ၁ ကြားဖြတ် ရွေးကောက်ပွဲဟာ အရေးကြီးတယ်လို့ ဒီကနေ့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာစူရင် နဲ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က နိုင်ငံခြား သတင်းထောက်များ ကလပ်မှာ မြန်မာခရီးစဉ်နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ရှင်းလင်းခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက လက်ရှိနိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှုတွေဟာ စစ်မှန်တယ်လို့ သူက ထောက်ခံ ပြောခဲ့ပါတယ်။

``သမ္မတဦးဆောင်တဲ့ အစိုးရဟာ ပြုပြင်ပြောင်းလဲမှုတွေကို အားစိုက်ထုတ်ပြီး လုပ်နေတာကတော့ စစ်မှန်တယ်လို့ သုံးသပ်ပါတယ်။ သူတို့ဟာ ယုံယုံ ကြည်ကြည်နဲ့ သက်တောင့်သက်သာနဲ့ နောက်မဆုတ်ဘဲ လုပ်ဆောင်နေကြပါတယ်`` အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ စူရင်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

``မြန်မာ အာဆီယံ ဥက္ကဌအဖြစ် ဆောင်ရွက်မယ့် ၂၀၁၄ ဟာ အရေးကြီးပြီး အခွင့်အလမ်းတွေရော စိန်ခေါ်မှုတွေပါ ရှိနေတယ် ဆိုတာကိုလည်း သူတို့ သိပါတယ်၊ နိုင်ငံရေးဘက်မှာ ပွင့်လင်းမှုတွေ လိုသလို အခြေခံ အဆောက်အဦ တွေဖြစ်တဲ့ လမ်းတွေ၊ ဟိုတယ်တွေ၊ ဆက်သွယ်ရေးစနစ်တွေ၊ အင်တာနက်၊ ဘဏ်နဲ့ ဘဏ္ဍာရေးစနစ်တွေ အဆင်သင့်ဖြစ်အောင် လုပ်ရမယ်`` လို့ အာဆီယံ အတွင်းရေးမှူးချုပ်က ဆက် ပြောပါတယ်။

တခါ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် NLD ပါတီကို တရားဝင်ပါတီအဖြစ် မှတ်ပုံပြန်တင်လို့ ဒီကနေ့မှာဆို ကချင်ပြည်နယ် မြစ်ကြီးနားမှာတောင် မဲဆွယ်တရား ဟောခဲ့ပါတယ်။ မြန်မာနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေကနေ မြန်မာဟာ ၁၀ နှစ်အတွင်းမှာ အာဆီယံနိုင်ငံတွေကို ကျော်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့လည်း အာဆီယံ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

``ဒေါ်အောင်ဆန်းစုကြည်က မြန်မာဟာ ၁၀ နှစ်အတွင်း အာဆီယံထက် သာမယ်လို့ ပြောပါတယ်။ ကျွန်တော်ကလည်း ကြိုဆိုပါတယ်လို့ ပြန်ပြောခဲ့ပြီး မြန်မာရဲ့ ဖွံ့ဖြိုးမှု၊ တိုးတက်မှုဟာ အာဆီယံ အရှိန်အဟုန်ထဲမှာ အချိုးညီညီ ပေါင်းစပ်တိုးတက်တာမျိုး ဖြစ်တာကောင်းပါတယ်`` လို့ အာဆီယံ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

တခါ လက်ရှိအစိုးရနဲ့လွှတ်တော်ဟာ စစ်ဗိုလ်ချုပ်တွေ ဦးစီးထားတာ ဖြစ်တဲ့ အတွက် ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ စိတ်ဓာတ်နဲ့ အပြုအမူတွေကို ဒေါ်အောင်ဆန်းစုကြည်တယောက် နားလည် ထားတဲ့ အကြောင်းကိုလည်း အာဆီယံ အတွင်းရေးမှူးချုပ်က ရှင်းပြခဲ့ပါသေးတယ်။

``ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ဆယ်စု နှစ်ပေါင်းများစွာ အာဏာကို ချုပ်ကိုင်ထားခဲ့တော့ ဘယ်ဟာက မျှတတဲ့ ယှဉ်ပြိုင်မှု၊ ဘယ်လို ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာကို သေချာနားလည်ဖို့ ခက်နေကြတယ်ဆိုပြီး ဥပမာတွေနဲ့ ရှင်းပြခဲ့တယ်`` လို့ ဒေါက်တာစူရင်က ဘန်ကောက် ရှင်းလင်းပွဲမှာ ပြောပါတယ်။

တခါ အာဆီယံဟာ လာမယ့် ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်ဖို့ သမ္မတ ဦးသိန်းစိန်ကို သူ ဖျောင်းဖြပြောဆိုခဲ့သလို ဒီရွေးကောက်ပွဲဟာ နိုင်ငံတကာက မြန်မာကို တင်းပြည့်ကျပ်ပြည့် ပြန်လက်ခံဖို့ အရေးကြီးတဲ့ ဆုံဖြတ်ချက်တခုလို့ ဒေါက်တာ စူရင်က ပြောပါတယ်။

``ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူ့ပါတီ ပါဝင်ယှဉ်ပြိုင်မယ့် ဒီ ၄၈ နေရာပဲ ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲဟာ နိုင်ငံတကာက မြန်မာကို အပြည့်အဝ ယုံကြည်သွားဖို့ အင်မတန်မှကို အရေးကြီးပါတယ်။ ဘာကြောင့် အရေးကြီးတယ်လို့ ပြောရသလဲ ဆိုတော့ နိုင်ငံတကာက မြန်မာနိုင်ငံတွင်းက အခြေအနေကို စောင့်ကြည့်နေလို့ပါပဲ`` လို့ သူက ဆိုပါတယ်။

``မြန်မာနိုင်ငံက အပြောင်းအလဲဟာ ရှေ့တိုးပါ့မလား၊ ဒီအပြောင်းအလဲဟာ ပိုပိုပြီး ပွင့်လင်းလာပါ့မလားဆိုတာ သိပ်ကို အရေးကြီးပါတယ်။ ဒါကြောင့် ၂၀၁၀ နိုဝင်ဘာ အခင်းအကျင်းအောက် လျှော့ပြီး ဘာတခုမှ မလုပ်ဖို့ကို သမ္မတ ဦးသိန်းစိန်ကို သူ့အနေ့နဲ့ တိုက်တွန်းခဲ့ပါတယ်`` လို့ အာဆီယံ အတွင်းရေးမှူးချုပ်က ရှင်းခဲ့ပါတယ်။

အတွင်းရေးမှူးချုပ်က မြန်မာခရီးစဉ်တွင်း တွေ့ရှိချက်တွေကို အာဆီယံ သံအမတ်ကြီးတွေကိုတော့ တင်ပြပြီး ဖြစ်ကြောင်းနဲ့ အာဆီယံအဖွဲ့ဝင် အစိုးရတွေနဲ့ ဝန်ကြီးတွေကိုလည်း ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆက်ပြီး တင်ပြသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

တခါ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးမှုတွေအတွက် ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့တွေကလည်း တဖြည်းဖြည်းနဲ့ တိုးလို့ ကူညီလာနေကြောင်းကိုလည်း သုံးသပ်ပြောကြားခဲ့ပါတယ်။