အာဖဂန် ဆန္ဒပြမှု သေကြေမှု ဆက်ဖြစ်

  • 25 ဖေဖော်ဝါရီ 2012
Afghan ဓာတ်ပုံ မူပိုင် bbc
Image caption မကျေမနပ် ဆန္ဒပြနေကြသူများ

အာဖကန်နစ္စတန် နိုင်ငံမှာ အမေ ရိကန်တပ် စခန်းတစ်ခု အတွင်း အကျဉ်းသားတွေ ဆီက ဖမ်းဆီး ရမိတဲ့ ကိုရမ် ကျမ်းတွေ မီးရှို့ခဲ့မှု အပေါ် မကျေနပ်ကြတဲ့ နောက်ထပ် ဆန္ဒပြပွဲတွေ ငါးရက်မြောက် နေ့အဖြစ် ဆက်ဖြစ် နေပါတယ်။

ကာဘူးမြို့တော်က ပြည်ထဲရေး ဝန်ကြီးဌာန အတွင်း နေတိုး ဦးဆောင်တဲ့ နိုင်ငံ တကာ တပ်ဖွဲ့ဝင် နှစ်ဦး ပစ်သတ် ခံခဲ့ရပါတယ်။ ဒါဟာဆိုရင် လုံခြုံရေးအထူးတင်းကျပ် ကောင်းမွန် ပါတယ်ဆိုတဲ့ နေရာမှာ ဖြစ်ပျက် ခဲ့တာပါ။

သေဆုံးသူတွေဟာ အမေရိကန် နိုင်ငံသား တွေလို့လည်း ယူဆရပါတယ်။ ဘယ်သူ့ လက်ချက်လဲ ဆိုတာတော့ ရှင်းရှင်း လင်းလင်း မသိရ သေးပါဘူး။

နိုင်ငံ အရှေ့မြောက်ပိုင်း ကွန်ဒတ်စ် ပြည်နယ် မှာလည်း ဆန္ဒပြ သမား ၅ ဦး သေကြေ ခဲ့ပါတယ်။ ဆန္ဒပြမှု တွေဟာ အာဖဂန် ပြည်နယ် သုံးခုမှာ ဖြစ်ပွားနေပြီး အာဖဂန် လုံခြုံရေးအဖွဲ့တွေအနေနဲ့လည်း ဒေါသထွက်နေကြတဲ့ ဆန္ဒပြသူတွေရဲ့ အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ အခက်ကြုံနေကြပါတယ်။

လုံခြုံရေးဘက်ကလည်း မိုးပေါ်ကို သတိပေး သေနတ် ဖောက်တာတွေ ရှိနေပါတယ်။ တချို့ အခြေအနေမှာတော့ လူအုပ်ထဲထို ပစ်ခတ်တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ ပြောတာ ကတော့ ဆန္ဒပြသူတွေက သတိပေး ပစ်ခတ်မှုတွေကို ဂရု မစိုက်ကြဘူးလို့ ဆိုပါတယ်။

နိုင်ငံ မြောက်ဖက်ပိုင်း ခွန်ဒူ့ဇ် မြို့မှာတော့ စျေးဆိုင်တွေ ဖျက်ဆီးခံရပြီး၊ ကုလသမဂ္ဂ အဆောက်အဦး တခုရဲ့ တစိတ်တပိုင်းလည်း မီးရှို့ခံလိုက်ရပါတယ်။

အလယ်ပိုင်းဒေသ လိုဂါ ပြည်နယ်မှာတော့ ဒေါသဖြစ်နေကြတဲ့ လူအုပ်တွေဟာ အမေရိကန် ဆန့်ကျင်ရေး ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။

အခု သီတင်း ပတ်ထဲ ဖြစ်ပွား ခဲ့တဲ့ ဆန္ဒပြမှုတွေ အတွင်း အခုအချိန် အထိ လူပေါင်း အနည်းဆုံး ၂၅ ဦးလောက် သေဆုံးခဲ့ ရပြီဖြစ်ပါတယ်။ အဲဒီအထဲမှာ အမေရိကန် စစ်သား ၂ ဦးလည်း ပါဝင်ပါတယ်။

.