မန်ဒဲလား ဆေးရုံတင် ကုသခဲ့ရ

  • 25 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ မန်ဒဲလားဟာ ဝမ်းဗိုက်နဲ့ပတ်သက်တဲ့ ရောဂါကို ရေရှည်ခံစား နေရတာ ဖြစ်ပါတယ်

ဝမ်းဗိုက်နဲ့ ပတ်သက်တဲ့ ရောဂါကြောင့် ဆေးရုံတင် လိုက်ရတဲ့ တောင်အဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားဟာ အခုတော့ အခြေအနေ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ပြီး စကားလည်း ပြန်ပြောနိုင်ပြီ ဖြစ်ပါတယ်။

မစ္စတာ မန်ဒဲလားနဲ့ ပတ်သက်ပြီး တရားဝင် ကြေငြာချက် ထုတ်ပြန်ရာမှာ၊ အသက် ၉၃ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာ မန်ဒဲလားဟာ၊ ဝမ်းဗိုက်နဲ့ ပတ်သက်တဲ့ ရောဂါကို ရေရှည်ခံစား နေရတာ ဖြစ်ပြီး၊ အထူးကူသဖို့ လိုအပ်နေတဲ့ အတွက် ဆေးရုံတင်ရတာ ဖြစ်ပြီး၊ ဒါဟာ အရေးပေါ် ခွဲစိတ်ကုသဖို့ ဆေးရုံ တင်လိုက်ရတာမျိုး မဟုတ်ဘူးလို့ ဖေါ်ပြထားပါတယ်။

တနင်္ဂနွေနေ့မှာ သူဟာ ဆေးရုံကနေ ပြန်ဆင်းနိုင်တော့မယ့်လို့ တောင်အာဖရိကမှ လာတဲ့ သတင်းတွေအရ သိရပါတယ်။

အခုတော့ သူဟာ နေကောင်းပြီး၊ စိတ်ဓာတ်ပိုင်းအရလည်း ကောင်းမွန်ကြောင်း သူ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ တနှစ်ကျော်အချိန် အတွင်း ဒါဟာ ဒုတိယမြောက် ဆေးရုံ တက် ကုသခဲ့ရတာလည်း ဖြစ်ပါတယ်။

မစ္စတာ မန်ဒဲလားဟာ ကျန်းမာရေးအခြေအနေကြောင့် ပြီးခဲ့တဲ့ ၈ နှစ်ကစလို့ အများ ပြည်သူနဲ့ သက်ဆိုင်တဲ့ အလုပ်တွေကနေ အနားယူခဲ့ပြီး မိသားစုနဲ့ပဲ နေထိုင်လာခဲ့တာ ဖြစ်ပါတယ်။