ဆီးရီးယားမှာ ကယ်ဆယ်မှုတွေ ဆက်လုပ်ဖို့ ICRC ညှိနှိုင်း

  • 25 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP Getty
Image caption သောကြာနေ့ကတော့ လူပေါင်း ၂၇ ဦး လောက် ကို ဟုမ်းစ်မြို့ ရပ်ကွက်ကနေ ကယ်ထုတ်နိုင်ခဲ့

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC ဟာ ဆီးရီးယား အစိုးရတပ်တွေ ဝိုင်းထားတဲ့ ဟုမ်းစ်မြို့က နောက်ထပ် ပိတ်မိနေတဲ့ သူတွေနဲ့ ဒဏ်ရာ ရသူတွေကို ဆက်လက် ကယ်ထုတ်နိုင်ဖို့ အတွက် ဆီးရီးယား အာဏာပိုင်တွေနဲ့ ညှိနှိုင်းနေပါတယ်။

ICRC ရဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဘာဘာအာမာ ရပ်ကွက်ထဲကို ပြန်သွားဖို့ ဆန္ဒရှိနေကြတယ်လို့ ICRC ပြောခွင့်ရသူက ဆိုပါ တယ်။

အဲဒီရပ်ကွက်ဟာ အမြောက်နဲ့ပစ်ခတ်မှုကို အကြီးအကျယ် ခံခဲ့ရတဲ့ ရပ်ကွက်ဖြစ်ပါတယ်။

ဆီးရီးယားက လူသားချင်း ထောက်ထားညှာတာမှုဆိုင်ရာ ကယ်ဆယ်ရေး လုပ်သားတွေဟာ သောကြာနေ့တုန်းကတော့ လူပေါင်း ၂၇ ဦး လောက်ကို အဲဒီရပ်ကွက်နေ ကယ်ထုတ် လာနိုင် ခဲ့ပါတယ်။

ဒါပေမယ့်လို့ ဟုမ်းစ်မြို့မှာ ဒဏ်ရာရနေတဲ့ နိုင်ငံခြား သတင်းထောက် ၂ ဦး ကို ကယ်ထုတ် ရေးနဲ့ ပတ်သက်ပြီး အခုအချိန်အထိ ဘာသဘောတူညီချက်မှ မရသေးပဲ ဖြစ်နေပါတယ်။

ဆီးရီးယား စစ်တပ်ရဲ့ သောကြာနေ့က ထပ်မံ တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတလွှား လူပေါင်း ၁၀၀ နီးပါးလောက် သေဆုံးသွားတယ်လို့ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေက ပြောပါ တယ်။