ဆီးရီးယားနိုင်ငံမှာ ဆန္ဒခံယူပွဲ ကျင်းပ

  • 26 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် unk
Image caption အတိုက်အခံ အုပ်စုတွေကတော့ ဆန္ဒခံယူပွဲ ဟာ ဘာမှ အဓိပ္ပါယ်မရှိဘူးလို့ ပြောကြား

ဆီးရီးယားနိုင်ငံတလွှား အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေပေမယ့်လည်း အခြေခံဥပဒေ သစ်တခု ပြန်ရေးဆွဲရေးနဲ့ ပတ်သက်ပြီး၊ နိုင်ငံ တလွှား လူထုဆန္ဒ ခံယူပွဲ ကျင်းပနေပါတယ်။

အခုဆန္ဒခံယူပွဲဟာ သမ္မတ ဘာရှားအဲလ် အာဆတ်ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ် တွေထဲက တစိတ်တပိုင်းဖြစ်ပြီး သမ္မတ အာဆတ်ဟာ သူ့အစိုးရကို ဆန့်ကျင်နေကြတဲ့ တနှစ်နီးပါး လူထုအုံကြွမှုတွေ အပေါ် ပြန်လည် တုံ့ပြန် ဆောင်ရွက်ပြလိုက်တာလည်း ဖြစ်ပါတယ်။

အခြေခံဥပဒေအသစ် အတည်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဆီးရီးယားနိုင်ငံကို ပါတီစုံ စနစ်နဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။ အတိုက်အခံ အုပ်စုတွေကတော့ အခု ဆန္ဒခံယူပွဲဟာ ဘာမှ အဓိပ္ပါယ်မရှိဘူးလို့ ပြောကြားပြီး၊ သပိတ်မှောက်ကြဖို့ ဆော်သြထားပါတယ်။

အဓိကကျတဲ့ ဟုမ်းစ်မြို့နဲ့ ဟာမား မြို့ တွေ အမြော်ကနဲ့ ပစ်ခံရတဲ့ နောက်ဆုံး အကြမ်းဖက်မှု တွေ အတွင်း လူပေါင်း ၂၀ သေဆုံးသွားတယ်လို့လည်း တက်ကြွလှုပ်ရှားသူတွေက ပြောပါ တယ်။

Image caption ဒမားစကပ်စ်နဲ့ အလက်ပိုမြို့တွေက လူတွေ လည်း သမ္မတအာဆတ်ကို ဆန္ဒပြဖို့ တိုက်တွန်း

ဆီးရီးယားက အကြီးဆုံးမြို့ကြီး နှစ်မြို့ဖြစ်တဲ့ ဒမားစကပ်စ်နဲ့ အလက်ပိုမြို့တွေက လူတွေ အနေနဲ့ သမ္မတအာဆတ်ကို စုရုံးဆန့်ကျင် ဆန္ဒပြဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပန်ကြားလိုက်ပါတယ်။

အကြောင်းကတော့ သူ့အဆို ဟုမ်းစ်မြို့မှာ ကြောက်မက်ဖွယ်ရာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတာကြောင့် အဲဒီမှာရှိတဲ့ လူတွေအနေနဲ့ မိတ်ဆွေ ပြည်သူ အများရဲ့ ထောက်ခံမှုကို လိုအပ်နေတယ်လို့ မစ္စစ်ကလင်တန်က သတင်းထောက်တွေကို ပြောကြားပါတယ်။

ဒါပေမယ်လို့ နိုင်ငံခြားကနေ ကြားဝင်ဆောင်ရွက်မှုတွေလုပ်ရင်တော့ ဆီးရီးယားမှာ ပြည်တွင်းစစ်ကို အရှိန်ရသွားစေလိမ့်မယ်လို့ သူက သတိပေး ပြောကြားပါတယ်။

လစ်ဗျားနိုင်ငံမှာ လုပ်သလို စစ်ဆင်ရေးမျိုး လုပ်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း၊ အကြောင်းက တော့ လစ်ဗျားက ကဒါဖီဆန့်ကျင်တဲ့ တပ်ဖွဲ့တွေလိုမျိုး ဆီးရီးယား အတိုက်အခံ တွေမှာ နယ်မြေပိုင်ဆိုင်မှု မရှိဘူးလို့ သူက ပြောပါတယ်။