၂၀၁၁ ခုနှစ်အတွက် အော်စကာ ဆုပေးပွဲ

  • 27 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင်
Image caption Jean Dujardin က The Artist ကား ကနေ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုရ

၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့ ရုပ်ရှင်ထူးချွန်ဆု အော်စကာ ဆုပေးပွဲမှာ အဖြူနဲ့အမည်း ရိုက်ကူးထားတဲ့ ပြင်သစ် အသံတိတ်ရုပ်ရှင် The Artist ကား ကနေ အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံး အမျိုးသား သရုပ်ဆောင် ဆုတွေ ဆွတ်ခူးရရှိသွားပါတယ်။

Jean Dujardin က အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု ရရှိတာဖြစ်ပြီး၊ ဒါရိုက်တာဆုကို Michel Hazanavicius က ရရှိသွားတာ ဖြစ်ပါတယ်။

The Artist ရုပ်ရှင်ကားဟာ ၁၉၂၇ ခုနှစ်တုန်းက ထင်ရှားကျော်ကြားတဲ့ ဟော်လီးဝုဒ် ရုပ်ရှင်သရုပ်ဆောင်နဲ့ သာမန် အမျိုးသမီးလေးတဦးတို့ရဲ့ မေတ္တာဖွဲ့ ဇာတ်လမ်းတပုဒ် ဖြစ်ပြီး စုစုပေါင်း ဆု ၅ ခု ရရှိသွားတာ ဖြစ်ပါတယ်။

အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကိုတော့ The Iron Lady ဇာတ်ကားမှာ ဗြိတိသျှ ဝန်ကြီးချုပ် မာဂရက် သက်ချာ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Meryl Streep က ရရှိသွား ပါတယ်။

နောက်ထပ် ဆု ၅ ခုရရှိသွားတဲ့ကားကတော့ Hugo (3D) ရုပ်ရှင်ကားဖြစ်ပြီး၊ အဲဒီကားဟာ နည်းပညာပိုင်းအတွက် အဓိက ရရှိသွားတာ ဖြစ်ပါတယ်။

အသက် ၈၂ နှစ်အရွယ် ကနေဒါ လူမျိုး Christopher Plummer က အကောင်းဆုံး အမျိုးသား ဇတ်ပို့ဆုကို Beginners ဆိုတဲ့ ရုပ်ရှင်ကားကနေ ဆွတ်ခူး ရရှိသွားပြီး အော်စကာဆု ပေးပွဲ သမိုင်းမှာ သူဟာ အသက်အကြီးဆုံး ဆုရရှိသူ အဖြစ် မှတ်တမ်း ဝင်သွားပါတယ်။

နိုင်ငံခြား သာဘာစကားပြော အကောင်းဆုံး ရုပ်ရှင်ဆုကိုတော့ အီရန်ရုပ်ရှင်ကား A Separation က ရရှိသွားပါတယ်။