ဆီးရီးယားအပေါ် အီးယူက ထပ်မံဒဏ်ခတ်

  • 27 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ရေနံနဲ့ လက်နက် ရောင်းချခွင့်ကိုတော့ အီးယူးက ပိတ်ပင်ထားပြီး ဖြစ်ပါတယ်

ဆီးရီးယားနိုင်ငံမှာ အစိုးရ ဆန့်ကျင်သူတွေ အပေါ် အစိုးရက အကြမ်းဖက်မှုတွေ ဆက်လက် ပြုလုပ်နေတဲ့ အတွက် ဆီးရီးယား အပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ဖို့ကို အီးယူ ဥရောပ သမဂ္ဂက သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

သမ္မတ ဘာရှား အဲလ် အာဆတ်နဲ့ နီးစပ်တဲ့ သူ့ အပေါင်းအပါ နောက်ထပ် ၇ ဦးရဲ့ ဥရောပ ဗဟိုဘဏ်မှာ ရှိတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ် ထားလိုက်ပြီ ဖြစ်ပြီး၊ သူတို့တွေ အတွက် ဥရောပ ခရီးသွားလာခွင့်ကိုလည်း ပိတ်ပင် ထားလိုက်ပြီ ဖြစ်ပါတယ်။

ဆီးရီးယားကနေ အီးယူကို ပျံသန်းနေတဲ့ ကုန်တင် လေယာဉ်တွေကိုလည်း တားမြစ်မှာ ဖြစ်ပြီး၊ ရွှေနဲ့ တန်ဖိုးကြီး သတ္တုတွေ ကုန်သွယ်ခွင့် အပေါ် ကန့်သတ် တားမြစ်မှု တွေလည်း ချမှတ်တော့မှာ ဖြစ်ပါတယ်။

အီးယူးအနေနဲ့ ရေနံနဲ့ လက်နက် ရောင်းချခွင့်ကိုတော့ ပိတ်ပင်ထားပြီး ဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံခြားရေး ဝန်ကြီး ကားလ်ဘိ(တ်) ကတော့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ မလုံလောက်သေးကြောင်း ပြောပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့အပတ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ဆီးရီးယား ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂနဲ့ အာရပ်နိုင်ငံများအဖွဲ့ချုပ်က ခန့်အပ်ခဲ့တဲ့ အပေါ် အပြည့်အဝ ထောက်ခံ ကြောင်း ပြသရ မယ်လို့ သူကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ကိုယ်စားလှယ်အဖြစ် ခန့်

ဆီးရီးယားအစိုးရ ကတော့ လူဦးရေ ၄ သောင်း လောက်ရှိတဲ့ ဘင်နစ်ရှ်မြို့က အတိုက်အခံတွေ အပေါ် စစ်ဆင် တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

အရပ်သားတွေရှိတဲ့ နေရာတွေကိုလည်း လေယာဉ်ပစ် လက်နက်တွေနဲ့ မော်တာ အမြောက်တွေ သုံးပြီး ပစ်ခတ်ခဲ့တယ်လို့ ယူဆရကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဟုမ်းစ်မြို့လယ်ကိုလည်း အမြောက်တွေနဲ့ ဆက်လက်ပစ်ခတ်နေဆဲဖြစ်ပါတယ်။

ပစ်ခတ်မှုတွေကြောင့် တနင်္လာနေ့မှာ လူပေါင်း အနည်းဆုံး ၁၈ ဦးလောက် သေဆုံးသွား တယ်လို့ အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

သေဆုံးသူအများစုဟာ ဟုမ်းစ်မြို့က လူတွေ ဖြစ်ကြပါတယ်။