ကိုရီးယားကျွန်းဆွယ် စစ်ရေးလေ့ကျင့်မှု မြောက်ကိုရီးယား သတိပေး

  • 27 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption တောင်ကိုရီးယားကတော့ စစ်ရေးလေ့ကျင့် မှုဟာ ကာကွယ်ရေးအတွက်လို့ ပြောပါတယ်

ကိုရီးယားကျွန်းဆွယ်မှာ ပြုလုပ်နေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေဟာ မြောက် ကိုရီးယားရဲ့ အချုပ်အခြာ အာဏာပိုင်မှုနဲ့ ဂုဏ်သိက္ခာကို ထိပါးစော်ကားတာဖြစ်ပြီး ဒါဟာ ခွင့်လွှတ်ပေးလို့ မရတဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောကြားလိုက်ပါတယ်။

အခုစစ်ရေးလေ့ကျင့်နေမှုဟာ အရင်တုန်းက ထက်ကို ပိုမိုလုပ်ဆောင်နေတာ ဖြစ်တာကြောင့်၊ ကြိုတင် လက်ဦးမှုရအောင် တိုက်ခိုက်တဲ့ ပုံစံမျိုးလို တွေ့မြင်နေရတဲ့ အတွက်၊ လက်တုံ့ပြန် မှုတွေ လုပ်မယ်ဆိုပြီး မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းမီဒီယာကနေ ခြိမ်းခြောက် ကြေညာ သွားပါတယ်။

တောင်ကိုရီးယားကတော့ အခုလို နှစ်စဉ် ပြုလုပ်မြဲဖြစ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ကာကွယ်ရေး အတွက်သာ ဖြစ်တယ်ဆိုပြီး ပြောပါတယ်။

အခုစစ်ရေးလေ့ကျင့်မှုတွေအတွက် ရာနဲ့ချီတဲ့ နောက်ထပ် အမေရိကန်စစ်သားတွေကို ခေါ်ယူခဲ့တာ ဖြစ်ပြီး၊ ဒီအပတ်နှောင်းပိုင်းမှာလည်း ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ ထပ်လုပ်ဖို့ ရှိနေပါတယ်။

တောင်နဲ့မြောက် ကိုရီးယားအကြား တင်းမာမှုတွေ အထင်အရှား ဖြစ်နေချိန်မှာ အခုလို စစ်ရေးလေ့ကျင်မှုတွေ ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ကတော့ မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်ဂျုံအွန်းဟာ ရှေ့တန်း စစ်စခန်း နေရာတခုကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ အဲဒီနေရာဟာ ၂၀၁၀ ခုနှစ်တုန်းက တောင်ကိုးရီးယား ကျွန်းတခုကို လှမ်းပစ်ခဲ့တဲ့ နေရာဖြစ်တယ်လို့ ယူဆရပါတယ်။