ငါးထောင်တန် ဖုန်းရရေး လှုံ့ဆော်

  • 28 ဖေဖော်ဝါရီ 2012

ငါးထောင်တန် ဖုန်းရရှိရေး အတွက် ပြည်သူ လူထု တရပ်လုံး တောင်းဆို လာအောင် လှုံ့ဆော်တဲ့ အနေနဲ့ ကုန်ဈေး နှုန်း ကျဆင်းရေး အင်အားစုက ဦးဆောင် ပြီးတော့ ရန်ကုန်တိုင်း အတွင်းမှာ ရှိတဲ့ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာနဲ့ မြောက်ဥက္ကလာ မြို့နယ်တွေမှာ နိုးဆော် စာတွေ အင်္ဂါနေ့ မနက်မှာ ဝေခဲ့ပါတယ်။

မြို့နယ် အာဏာပိုင် တွေက လှုပ်ရှားသူ ၁၁ ဦးကို နာရီပိုင်း လောက်ခေါ်ယူ စစ်ဆေး ခဲ့ပြီး ပြန်လွှတ် ပေးလိုက် တယ်လို့သိရပါတယ်။

ဒီလှုပ်ရှားမှုကို ဦးဆောင် ပါ၀င်သူ တဦးဖြစ်တဲ့ ကိုထင်ကျော်က ဒီကိစ္စဟာ ကုန်ဈေးနှုန်း ကျဆင်းရေးမှာ အထောက် အပံ့ ဖြစ်တဲ့ အတွက် ဒီ ၅၀၀၀ တန်ဖုန်းကို မရမချင်း တောင်းဆို သွားမယ်လို့ ပြောသွား ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းက ရွှေပြည် တံခွန်ဆိုတဲ့ ကုမ္မဏီကနေ ၅ထောင်တန် ဖုန်းတွေကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ကသာ ခွင့်ပြုပေးမယ်ဆိုရင် ပြည်သူ့ လက်၀ယ် ရောက် အောင် သူတို့ ဆောင်ရွက် ပေးနိုင်တယ်လို့ သတင်းစာ ရှင်းလင်းပွဲ တခုလုပ်ပြီး ရှင်းလင်း ခဲ့ပါတယ်။

ဒါပေမယ့် အစိုးရဘက်ကတော့ ငါးထောင်တန် ဖုန်းကိစ္စဟာ ရေဒီယိုစခန်းတွေ တည်ဆောက် ဖို့ အချိန်ယူရတာ စက်ပစ္စည်း ပိုင်းဆိုင် ရာတွေ လုပ်ဆောင်ဖို့ အချိန်ယူ ရတာတွေကြောင့် လတ်တလော မဖြစ်နိုင် သေးကြောင်း ပြန်လည် ရှင်းလင်း ခဲ့ပါ သေးတယ်။

နည်းပညာ ရှင်တွေ လည်း ဒီလို ဖုန်းတွေ မြန်မာ နိုင်ငံမှာ အချိန် မရွေး သုံးစွဲလို့ ရတယ် ဆိုပြီး ထွက်ချက် ထားပေမယ့် အစိုးရက ခွင့်မပြု ဘူးဆိုတာ အကြောင်း ပြချက် မခိုင်လုံ ဘူးလို့ ကိုထင်ကျော်က ထောက်ပြ ပြောဆို သွားပါတယ်။

အစိုးရဘက် ကတော့ ၅ထောင်တန် ဖုန်းတွေ မဖြစ်နိုင် သေးပေမယ့် ပြည်သူ အတွက် ဈေးနုန်း ချိုသာတဲ့ ကျပ်တသိန်း ရှစ်သောင်းတန် ဂျီအက်စ်အမ် ဖုန်းတွေကို မကြာခင် နေပြည်တော်နဲ့ ရန်ကုန်မှာ ရောင်းချ သွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် ပေမယ့် အစိုးရ ဘက်ကတော့ အတည်ပြု ထုတ်ပြန်တာ မျိုးတော့ မတွေ့ ရသေး ပါဘူး ။

ပြည်သူတွေ ကတော့ အရင်က လက်ကိုင် ဖုန်းတလုံးကို သိန်း ၃၀ ၀န်းကျင်ပေး နေရာ ကနေ ခုနောက်ပိုင်း ၅သိန်းအထိ ဖုန်းဈေးတွေ ကျလာပေမယ့် ဒီထက် ဈေးချိုတဲ့ ဖုန်းတွေ ပေါ်လာဖို့ အရေး စိတ်ဝင် တစားနဲ့ မျှော်လင့် နေကြ ပါတယ်။