နိုင်ငံ့ဝန်ထမ်း အလုပ်ချိန်တွေ တိုးသင့်

  • 28 ဖေဖော်ဝါရီ 2012

မြန်မာ့နိုင်ငံ့ဝန်ထမ်းတွေနဲ့ အလုပ်ချိန်ဟာ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ရင် တနာရီလောက် လျော့နည်းနေတဲ့အတွက် မြန်မာနိုင်ငံမှာ ဝန်ထမ်း အင်အား သုံးသိန်း ရှိတယ်ဆိုရင် တလကို အလုပ်ချိန် ခြောက်သန်းလောက် ဆုံးရှုံးနေတယ်လို့ မြန်မာ့ နာမည်ကျော် အိုင်တီ ပညာရှင် တဦးက သုံးသပ် ပြောဆို ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption တိုင်းပြည်တိုးတက်ဖို့ ကလေးတွေပါ တလလျှော့နားပြီး ပညာသင်ရမယ်လို့ ဆို

မနေ့ကနဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၂၇ နဲ့ ၂၈ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ အမျိုးသားအဆင့် ဆင်းရဲ မွဲတေမှု လျော့ချရေးနဲ့ လူမှု-စီးပွား ဖွံ့ဖြိုး တိုးတက်ရေးမှာ အိုင်စီတီက ဘယ်လို ကူပံ့မလဲ ဆိုတဲ့ ပြည်တွင်း ပြည်ပရှင်တွေရဲ့ ကဏ္ဍငါးခု ပိုင်းခြား ဆွေးနွေးမှုတွေ အတွင်းမှာ မြန်မာ့အင်တာနက် ကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာ ကိုဇော်ထွဋ်က ပါဝင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ကိုဇော်ထွဋ် ထောက်ပြတာက လက်ရှိမှာ နိုင်ငံ့ဝန်ထမ်းတွေဟာ နံနက် ၉ နာရီခွဲမှာ ရုံးတက်ပြီး၊ ညနေ ၄ နာရီခွဲမှာ ရုံးဆင်းတဲ့ အကြောင်းနဲ့ တကယ်သာ နံနက် ၉ နာရီမှာ ရုံးတက်ပြီး ညနေ ၅ နာရီမှာမှ ရုံးဆင်း ကြမယ်ဆို နိုင်ငံအတွက် အလုပ်ချိန်တွေ ပိုထွက်လာမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်ရက်ကြာ ဆွေးနွေးပွဲမှာ ပြည်တွင်းပြည်ပက အစိုးရ၊ အစိုးရ မဟုတ်တဲ့ စီးပွားရေးနဲ့ အိုင်စီတီ နယ်ပယ်က ပညာရှင်တွေကလည်း စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။

ဆင်းရဲမွဲတေမှု လျှော့ချရေးမှာ အစိုးရ အနေနဲ့လည်း ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ်နဲ့ အုပ်ချုပ်တဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်ဖို့လည်း လိုအပ်အကြောင်းတွေလည်း ပါဝင်ဆွေးနွေး ဖြစ်ကြတယ်လို့ ကိုဇော်ထွဋ်က ဘီဘီစီကို ပြောပါတယ်။

ပြည်ပ ပညာရှင်တွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ချပြဆွေးနွေးတာတွေဟာလည်း စိတ်ဝင်စားဖို့ ကောင်းတဲ့အကြောင်းနဲ့ မြန်မာကတော့ အိန္ဒိယနဲ့ နီးစပ်တဲ့အတွက် အတုယူ လုပ်ကိုင်လို့ ရတာတွေ ရှိပေမယ့်လို့ တောင်ကိုရီးယားဆီက ယူဖို့ကတော့ နည်းနည်း အလှမ်းဝေးကွာမယ်လို့ ထင်မြင်ကြောင်းလည်း သူက သုံးသပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးဖို့ဆိုရင် ကျောင်သားတွေ အနေနဲ့တောင် ကမ္ဘာ့နိုင်ငံ အများစုမှာ ကျင့်သုံးနေကြတဲ့ စာသင်နှစ် တနှစ်မှာ ကိုးလသင် သုံးလနားကို မလုပ်ဘဲ ၁၀ လသင်၊ နှစ်လနား အစီအစဉ်နဲ့ ပညာ သင်ယူမှုတွေ ပြုသင့်ကြောင်းကိုလည်း အလုပ်ရုံ ဆွေးနွေးပွဲမှာ သူ ထောက်ပြ ပြောဆိုခဲ့ကြောင်း ကိုဇော်ထွဋ်က ဘီဘီစီကို ပြောခဲ့ပါတယ်။