၉ဝ ရာခိုင်နှုန်း မဲလာထည့်တယ်လို့ ဆီးရီးယား အစိုးရပြော

  • 28 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption အရေးပေါ် လူနာတွေကို အိုစီအာစီ ကယ်ထုတ်

ဆီးရီးယာ နိုင်ငံက တိုက်ပွဲဖြစ်ပွားရာ ဟော်မ်စ်မြို့က ဘာဘာအာမာ ရပ်ကွက်ကနေ ကိုယ်ဝန်ဆောင် အမျိုးသမီး တယောက် အပါအဝင် ဆီးရီးယား လူမျိုး သုံးယောက်ကို လူနာတင် ကားတွေနဲ့ ကယ်ထုတ် နိုင်ခဲ့တယ်လို့ လခြမ်းနီအဖွဲ့က ပြောပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အသတ်ခံရတဲ့ နိုင်ငံခြားသား သတင်းထောက် နှစ်ယောက်ရဲ့ အလောင်းတွေကိုကော ၊ ဟော်မ်စ် မြို့တဝိုက်မှာ ပိတ်မိနေတဲ့ တခြား သတင်းထောက် တွေကိုပါ ကယ်ထုတ်လို့ မရသေးဘူးလို့ ဒမားစကတ်မြို့ အခြေစိုက် ICRC အဖွဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မဲပေးပိုင်ခွင့် ရှိသူရဲ့ ငါးဆယ်ရာနှုန်းကျော် မဲလာပေးတယ်လို့ အစိုးရ ဆိုနေ

နောက်သတင်းတပုဒ် မှာတော့ ဆီးရီးယား နိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တုန်းက ကျင်းပခဲ့တဲ့ လူထု ဆန္ဒ ခံယူပွဲမှာ ဆန္ဒမဲ လာပေးသူ ၉ဝ ရာနှုန်း ရှိပြီး သမ္မတ ဘတ်ရှား အယ် အာဆက် ဒ် တင်ပြခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြောင်းလဲမှု ဆိုင်ရာတွေကို အတည်ပြု ခဲ့ကြတယ်လို့ အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

မစ္စတာ အာဆက်ဒ်ကို ဆန့်ကျင် အုံကြွမှုတွေ ဆက်ဖြစ်နေပေမယ့် ဆန္ဒခံယူပွဲကို မဲပေးပိုင်ခွင့် ရှိသူ အရေအတွက်ရဲ့ ထက်ဝက် ကျော် လာရောက် မဲပေးခဲ့ ကြတယ်လို့လည်း ဆိုပါတယ်။

အတိုက်အခံ တွေကတော့ ဒီဆန္ဒခံယူပွဲဟာ လိမ်စဉ်ဘဲ ဆိုပြီး ပယ်ချခဲ့ကြသလို မနေ့က တရက်တည်းမှာတင် လုံခြုံရေး တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လူ ၄၅ယောက် သေတယ်လို့ ဆီးရီးယား အရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

ဆီးရီးယား မြို့တွေထဲကို အစိုးရ တပ်တွေက တင့်ကားတွေနဲ့ ဝင် ၊ သေနတ်တွေနဲ့ ပစ်ခတ် နေချိန်မှာ ဆန္ဒခံ ယူပွဲ ကျင်းပတာဟာ ယုံကြည် လက်ခံနိုင်စရာကို မရှိဘူးလို့ အမေရိကန် အစိုးရကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption တင့်ကားတွေနဲ့ မြို့ထဲဝင် ပစ်ခတ်

တခါ ဆီးရီးယား နိုင်ငံ အခြေစိုက် ပါလက်စတိုင်း ဟားမားစ် အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင် Moussa Abou-Marzoug ဟာ ဒမားစကတ်စ် မြို့ကနေ ထွက်ခွာသွားပြီး ကိုင်ရိုမြို့နားမှာ နေထိုင် နေပါတယ်။

ဆီးရီးယား အရေးခင်းမှာ သမ္မတ အာဆက်ဒ်ရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံတွေကို လက်မခံနိုင်တဲ့ အတွက် သူနဲ့ အပေါင်းပါတွေ ဒမားစကတ် မြို့က ထွက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မစ္စတာ အဘူ မာဇောင်းရဲ့ အကြီးအကဲ Khalid Meshaal နဲ့ လက်ထောက် တွေကတော့ ကာတာ နိုင်ငံကို ပြောင်းရွေ့ သွားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ ဂါဇာဒေသ ဟားမက်စ် ခေါင်းဆောင် Ismail Haniya က သမ္မတ အာဆက်ကို ဆန့်ကျင်ပြီး ဆီးရီးယား ပြည်သူတွေ ထောက်ခံကြောင်း ကြေညာခဲ့ပါတယ်။