ဘီဘီစီ ကမ္ဘာ တလွှား အစီအစဉ် နှစ် ၈၀ မြောက် မွေးနေ့

  • 29 ဖေဖော်ဝါရီ 2012
Many language services broadcast from the whitw tent
Image caption ဘီဘီစီ ဝန်းထဲမှာ ဆောက် ထားတဲ့ ရွက်ဖျင် တဲကြီး ကနေ ဘာသာပေါင်း ၁၇ ခုနဲ့ ထုတ် လွှင့်

ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်ရဲ့ နှစ် ရှစ်ဆယ်ပြည့် မွေးနေ့ အထူး အစီအစဉ် တွေကို ဗုဒ္ဓဟူးနေ့က တစ်နေကုန် ထုတ်လွှင့် ပေးရာမှာ ကမ္ဘာတလွှား အစီအစဉ် တည်ရှိတဲ့ လန်ဒန် မြို့က Bush House ဘွတ်ရှ်ဟောက်စ် အဆောက် အဦရဲ့ အလယ်က ကွက်လပ် ထဲမှာ အဖြူရောင် ရွက်ဖျင် တဲကြီး တစ်ခု ထိုးပြီး အစီအစဉ် တွေကို တိုက်ရိုက် ထုတ်လွှင့် ပေးခဲ့ ပါတယ်။

ဘီဘီစီ မြန်မာ ဘာသာ အပါအဝင် ဘာသာ ပေါင်း ၁၇ မျိုးနဲ့ ထုတ်လွှင့်တဲ့ အပြင် အင်္ဂလိပ်လို ထုတ်လွှင့် နေတဲ့ အစီအစဉ် တွေ ကိုရော ရုပ်မြင် သံကြား ထုတ်လွှင့်မှု တွေကိုပါ အဲဒီ ရွက်ဖျင်တဲကြီး ကနေ ထုတ်လွှင့် ပေးခဲ့ တာ ဖြစ်ပါတယ်။

ဘီဘီစီရဲ့ ထုတ်လွှင့်ချက် တွေကို ဘယ်လို စီစဉ် ဆောင်ရွက် ကြတယ် ဆိုတာ ကမ္ဘာ တလွှားက သောတရှင်တွေ သိရအောင် အင်တာနက် ကနေ တနေကုန် တိုက်ရိုက် ထုတ်လွှင့် ပေးခဲ့ သလို ဘွတ်ရှ်ဟောက်စ် အဆောက် အဦကို ကိုယ်တိုင် လာရောက်ပြီး တိုက်ရိုက် ထုတ်လွှင့် ချက်တွေမှာ ပါဝင် ဆွေးနွေး သူတွေလည်း သိမြင်ခွင့် ရကြ ပါတယ်။

မြန်မာ ပိုင်း အစီ အစဉ်ကလည်း တိုက်ရိုက် ထုတ်လွှင့်

Image caption လူငယ် သောတရှင်တွေ လာရောက် ဆွေးနွေး ခဲ့တာ တွေကို တိုက်ရိုက် ထုတ်လွှင့်ခဲ့

ဘီဘီစီ ကမ္ဘာ တလွှား အစီအစဉ်ရဲ့ နှစ်ပေါင်း ၈၀ ပြည့် အထိမ်း အမှတ် နေ့မှာ ဘီဘီစီ မြန်မာ သောတရှင် လူငယ် တချို့ကို ဖိတ်ခေါ်ပြီး ရွက်ဖျင်တဲကြီး ထဲမှာ စကားဝိုင်းဖွဲ့ ဆွေးနွေး တာကို လေလှိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့ ပါတယ်။

နှစ်ပေါင်း ၈၀ သက်တမ်း ရှိလာပြီ ဖြစ်တဲ့ ဘီဘီစီ ကမ္ဘာ တလွှား အစီအစဉ်ကြီးက ရှေ့ကို ဘယ်လို ခရီးဆက်ကြမလဲ၊ ပြောင်းလဲ တိုးတက် လာနေတဲ့ မီဒီယာ နည်းပညာ ခေတ်ကြီးနဲ့ အညီ ဘီဘီစီရဲ့ သောတရှင် တွေက ဘာတွေကို လိုလား သိချင်ကြ မလဲ၊ ဘီဘီစီ ကရော သေတရှင် တို့ရဲ့ လိုလားချက်တွေကို ဘယ်လောက် ဘယ်လို ကြိုးပမ်း ဖြည့်ဆည်း နိုင်မလဲ ဆိုတာ ဆွေးနွေး ကြသူ တွေက အမြင် အသီးသီးကို ဝိုင်းဖွဲ့ ဆွေးနွေး သွားခဲ့ကြ ပါတယ်။

ဘီဘီစီ ကမ္ဘာ တလွှား အစီအစဉ်က အခု လက်ရှိ အသံလွှင့် နေတဲ့ Bush House ဘွတ်ရှ်ဟောက်စ် ကနေ မြန်မာ ဌာန အပါအဝင် ဘာသာ စကား ဌာန တွေ အားလုံး မကြာခင် ရက်ပိုင်း အတွင်းမှာ ခေတ်မီ နည်းပညာ တွေနဲ့ တည်ဆောက် ထားတဲ့ Broadcasting House အသံလွှင့်ရုံသစ်ကြီးကို ပြောင်းရွှေ့ တော့မှာ ဖြစ် ပါ တယ်။