အဲလ်ခိုင်းဒါး ခေါင်းဆောင်တဦးကို ဖမ်းဆီးမိကြောင်း အီဂျစ်ကြေညာ

  • 29 ဖေဖော်ဝါရီ 2012
Image caption ဆာအိ အဲလ်အဒဲလ် ဟာ စက်တင်ဘာ ၁၁ ဗုံးခွဲ မှုမှာ ပါဝင်ပတ်သက်သူလို့ စွပ်စွဲထားပါတယ်

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့လေဆိပ်မှာ အဲလ်ခိုင်းဒါး ထိပ်တန်းခေါင်းဆောင် တဦးကို ဖမ်းဆီးလိုက်တယ်လို့ အီဂျစ် အာဏာပိုင်တွေက ပြောကြားလိုက်တာနဲ့ ပတ်သက်ပြီး အဲဒီသူဟာ အဲလ်ခိုင်းဒါး ခေါင်းဆောင် ဟုတ်မဟုတ် ဆိုတာနဲ့ ပတ်သက်ပြီး သံသယ ဖြစ်မှုတွေ ထွက်ပေါ်လာနေပါတယ်။

နယူးယောက်မြို့ စက်တင်ဘာ ၁၁ ဗုံးခွဲ တိုက်ခိုက်မှုနဲ့ အာဖရိက အရှေ့ပိုင်းက တိုက်ခိုက်မှု တွေမှာ ပါဝင်သူ ဖြစ်ပြီး၊ အမေရိကန် FBI က အလိုရှိနေတဲ့ အဲလ်ခိုင်းဒါး ထိပ်တန်း ခေါင်းဆောင်တဦး ဖြစ်တဲ့ ဆာအိ အဲလ် အဒဲလ်ကို ဖမ်းဆီးမိလိုက်တာ ဖြစ်တယ် လို့ အီဂျစ် အာဏာပိုင်တွေက ကြေညာထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီသူကတော့ သူဟာ ဆာအီ အဲလ် အဒဲလ် မဟုတ်ကြောင်း ငြင်းဆိုနေပြီး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကျွမ်းကျင်သူ တချို့ကလည်း ဒီကိစ္စအပေါ် သံသယ ရှိနေကြပါတယ်။

အဲဒီသူဟာ ဆာအိ အဲလ် အဒဲလ် မဟုတ်ဘူးဆိုရင်တော့ ဒါဟာ အီဂျစ် အာဏာပိုင်တွေကို အရှက်ရ စေလိမ့်မယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မစ္စတာ အဲလ်အဒဲလ်ဟာ အီဂျစ် စစ်သားဟောင်းတဦး ဖြစ်ပြီး နောက်ပိုင်းမှာ သူဟာ အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ အစ္စလာမ် စစ်သွေးကြွတွေနဲ့ ပူပေါင်း လိုက်တာ ဖြစ်ပါတယ်။

သူဟာ အိုစမာ ဘင်လာဒင်ရဲ့ အတွင်းစည်းမှာ ရှိတဲ့ အဓိက အဖွဲ့ဝင်တဦး ဖြစ်တယ်လို့ ယူဆရပြီး၊ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူဟာ ပါကစ္စတန်နိုင်ငံထဲမှာ ထွက်ပြေး ပုန်းရှောင်နေတာ ဖြစ်တယ်လို့ တွက်ဆရပါတယ်။