ကြက်ခြေနီ ဟုမ်းစ် ဝင်မည်

  • 2 မတ် 2012
syria ဓာတ်ပုံ မူပိုင် Bbc
Image caption အတိုက်အခံ တွေ ဆုတ်သွားမှ အကူအညီ ဝင်ခွင့်ရ

ဆီးရီးယား အတိုက်အခံ တပ်သားတွေ ဆုတ်သွားပြီးနောက် နာရီပိုင်း အတွင်း မှာပဲ အစိုးရ အဝိုင်းခံ နေရတဲ့ ဘာဘာ အမာ ရပ်ကွက်ထဲ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကို ကနေ့ သောကြာနေ့မှာ ဝင်ခွင့် ပေးမယ်လို့ သိရပါတယ်။

သူတို့ကို အစားအစာ နဲ့ ဆေးဝါး ကယ်ဆယ် ရေး ပစ္စည်းတွေ သယ်ခွင့် ပေးပြီး ဒဏ်ရာရ နေသူတွေကို ကယ်ထုတ်ခွင့် ပေးတယ်လို့ ကြက်ခြေနီ အဖွဲ့က ဆိုပါတယ်။

အစိုးရတပ်တွေ ဒီနယ်မြေမှာ အင်အား အပြင်းအထန်သုံးပြီး ဝင်လာနေတယ်လို့ ဆီးရီးယား အတိုက်အခံ တွေက ဆိုပါတယ်။

ဆီးရီးယားကို လူမှု ကယ်ဆယ်ရေး အကူအညီတွေ ဝင်ခွင့်ပေးဖို့ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီက အားလုံး သဘောတူ တောင်းဆို လိုက်ကြပါတယ်။

ဟုမ်းစ်မြို့လို နေရာတွေမှာ အရပ်သားတွေ ရင်ဆိုင် နေရတဲ့ အခြေအနေဟာ အင်မတန် ဆိုးရွား ယိုယွင်း နေတဲ့အတွက် ပူပန်မိကြောင်း လည်း ဖော်ပြ ထားပါတယ်။

ဒီ ကြေညာချက်ကို တရုတ်နဲ့ ရုရှကလည်း ထောက်ခံ ထားပါတယ်။ ဒါပေမယ့် ဆီးရီးယားကို ရှုတ်ချ အရေးယူဖို့ကိုတော့ ဒီနိုင်ငံတွေက ကန့်ကွက် နေဆဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူမှု ကူညီရေး အကြီးအကဲ ဗယ်လာရီ အေးမို့စ်က ဝင်ခွင့် အကြိမ်ကြိမ် တောင်းပေမယ့် ဆီးရီးယား အစိုးရက နိုင်ငံထဲ ဝင်ခွင့် မပြုတာနဲ့ ပတ်သက်ပြီး တော့လည်း လုံခြုံရေး ကောင်စီက အင်မတန် စိတ်ပျက်မိကြောင်း ပြောဆိုပါတယ်။