ဆီးရီးယားအရေး လူ့အခွင့်ရေးကောင်စီရှုတ်ချ

  • 2 မတ် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ဟုမ်းစ်မြို့က သူပုန်တွေကတော့ နည်းနာ အရ မြို့ကနေ ဆုတ်ခွာပေးခဲ့

ဆီးရီးယားအကြမ်း ဖက်မှုတွေ အဆုံးသတ် သွားစေဖို့ သံတမန်ရေး အရ ကြိုးပမ်းတဲ့အနေနဲ့ ဂျနီဗာ မြို့မှာ အရေးပေါ် အခြ အတင် ဆွေးနွေးမှု ပြုလုပ်ခဲ့ ပါတယ်။

ဆီးရီးယား နိုင်ငံ အရေး နဲ့ ပတ်သက်လို့ နိုင်ငံတကာက တညီတညွတ်တည်း ရှိကြပါလို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ဖြစ်တဲ့ ဆီးရီးယား ဆိုင်ရာ သံတမန်သစ် Kofi Annan က တောင်းဆိုနေတဲ့ကြားက တရုတ်၊ ရုရှားနဲ့ ကျူးဘား စတဲ့ သုံးနိုင်ငံက ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲ ပေးခဲ့ကြ ပါတယ်။

ရုရှားနိုင်ငံက လူ့အခွင့် အရေး ကောင်စီမှာ ဗီတို အာဏာ သုံးလို့ မရပေမဲ့ ဆီးရီးယားက အကြမ်းဖက်မှုတွေကို ထုတ်ဖော် ပြောဖို့ ဒီအဖွဲ့ရဲ့ ကြိုးစားမှုကို တခါထပ် ကန့်ကွက် ခဲ့ပြန် ပါတယ်။ အခု ဆုံးဖြတ်ချက်ဟာ ပြင်းထန် တဲ့ ဆုံးဖြတ်ချက် တစ်ရပ် ဖြစ်ပါတယ်။

လူ့ အခွင့် အရေး ကောင်စီရဲ့ အဆို အရ ဆီးရီးယား အစိုးရရဲ့ ရက်စက်တဲ့ လုပ်ဆောင်မှု တွေကို ပြစ်တင် ရှုတ်ချ ထားတဲ့ အပြင် ကျယ်ကျယ်ပြန့်ပြန့် နဲ့ အစီအစဉ် ရှိရှိလူ့အခွင့် အရေး ချိုးဖောက်မှုတွေ ရှိတယ်လို့ ရှုတ်ချထား ပါတယ်။ ဒါတင်မက ကူညီရေး အဖွဲ့တွေ ကို နိုင်ငံ အတွင်း ချက်ချင်း ဝင်ခွင့် ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ရုရှား နိုင်ငံ ဘက်က တော့ ဆုံးဖြတ်ချက်ဟာ ဆီးရီးယား အစိုးရ အပေါ်ကိုသာ အပြစ်ပုံချထားတဲ့ အတွက် တဘက်သတ် ဖြစ်တယ် လို့ ပြောဆိုပြီး ဆုံးဖြတ်ချက်မှာ ပါတဲ့ အသုံး အနှုန်းကို လက်မခံ ဘူးလို့ ဆိုပါတယ်။

ဆီးရီးယား နိုင်ငံ ဆိုင်ရာ အထူး သံတမန် သစ် မစ္စတာ ကိုဖီ အာနန် က ဆီးရီးယား အရေးမှာ နိုင်ငံတကာက သဘောထား တထပ်တည်း ရှိကြဖို့ တောင်းဆိုထား တဲ့ အချိန်မှာ လူ့အခွင့် အရေး အဖွဲတွေကလည်း တရုတ်နဲ့ ရုရှားဟာ ဆီးရီးယား က ပြသနာ တွေကို ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို ထိခိုက်အောင်လုပ်တယ်လို့ စွပ်စွဲ နေကြ ပါတယ်။