လယ်ယာကဏ္ဍ တိုးတက်အောင် လုပ်နေလို့ သမ္မတပြော

  • 2 မတ် 2012
ဓာတ်ပုံ မူပိုင် STRAFPGetty Images
Image caption လယ်သမားတွေအနေနဲ့ စပါးစျေးကျပြီး အထွက်မတိုးလို့ ဒုက္ခရောက်ကြရ

ဒီကနေ့ကျရောက်တဲ့ တောင်သူ လယ်သမားနေ့အတွက် သမ္မတ ဦးသိန်းစိန် ပေးပို့ခဲ့တဲ့ သဝဏ်လွှာထဲမှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းရှိတဲ့ တောင်သူလယ်သမားတွေရဲ့ လယ်ယာကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးကိုအမျိုးသားရေး လုပ်ငန်းစဉ်တရပ်အနေနဲ့ ဦးစားပေး ဆောင်ရွက်နေတယ်လို့ ဖေါ်ပြထားပါတယ်။

ပညာမရှိလို့ လယ်လုပ်တယ်ဆိုတဲ့ အယူအဆဟောင်းကနေ ပြောင်းလဲပြီး ပညာတတ်ပြီး လယ်လုပ်ခြင်းအားဖြင့် လယ်သမားတွေရဲ့ လူနေမှုဘဝနဲ့ လယ်ယာကဏ္ဍ တိုးတက်အောင် စီမံဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လက်မှုလယ်ယာကနေ စက်မှုလယ်ယာစနစ်ကို ကူးပြောင်းနိုင်ရေး ဖော်ဆောင်နေပြီး လယ်ယာထွက်ကုန်တွေ စီးပွားရေးအရ တွက်ခြေကိုက်ရေး စျေးကွက်ခိုင်မာရေး ကုန်ကျစရိတ်သက်သာရေးစတာတွေကို အဓိကထားပြီ လယ်ယာကဏ္ဍတိုးတက်အောင် လုပ်နေပါတယ်လို့လဲ ဖေါ်ပြထားပါတယ်။

လက်ရှိ လယ်သမားတွေရဲ့ ဘဝ အခြေအနေနဲ့ပတ်သက်လို့ ဘိုကလေးမြို့နယ် ပါတူချောင်ကျေးရွာက လယ်လုပ်သက် အနှစ် ၃၀ ရှိတဲ့ လယ်သမားကြီး ဦးစိုးတင့်ကို ဆက်သွယ်မေးကြည့်တော့ အခုလောလောဆယ် နှစ်တွေအတွင်း စပါးစျေးကျပြီး အထွက်မကောင်းတဲ့ အတွက် မကိုက်ကြဘူးလို့ ပြောပါတယ်။

အလုပ်သမားခ ကောက်စိုက်ခ ကောက်ရိတ်ခတွေကြီးမြင့်ပြီး ဓါတ်မြေသြဇာစျေးတွေကြီးတာကလည်း အကြောင်းရင်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။

စိုက်ပျိုးရေးဘဏ်တွေက တဧကကို လေးသောင်းနှုန်း ထုတ်ချေးတာဟာ အထောက်အကူဖြစ်ပေမဲ့ ထင်သလောက် ခရီးမရောက်ဘူးလို့ ပြောပါတယ်။

လယ်ယာကဏ္ဍတိုးတက်ဖို့ အတွက် မျိုးကောင်း မျိုးသန့်စပါးရဖို့ ဓါတ်မြေသြဇာ စျေးသက်သာအောင်လုပ်ပေးဖို့ နဲ့ လယ်ယာမြေတွေကို ပြင်ဖို့ လိုတယ်၊ နှစ်သီး သုံးသီးစိုက်တာဟာ လယ်ယာမြေ အရည်အသွေးကျလို့ အထွက်နည်းတယ်လို့ လယ်သမားကြီးဦးစိုးတင့်က ပြောပါတယ်။

တချို့ဒေသတွေမှာ လယ်သိမ်းခံတာတွေ ကြုံနေရပြီး တချို့က အကြွေးသံသရာလည်နေကြတယ်လို့ သိရပါတယ်။