မြန်မာ ကိစ္စ ဗြိတိန် ဝန်ကြီးကို TUC တိုက်တွန်း

  • 3 မတ် 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံ ဟေးခ်

ဗြိတိန် က အလုပ်သမား ၆ သန်းကျော် ပါဝင်ဖွဲ့စည်းထားတဲ့ TUC (Trade Union Congress) က အီးယူ ဥရောပ သမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံ ကို ချမှတ်ထားတဲ့ အရေးယူ ဆောင်ရွက်မှု တွေ ရုပ်သိမ်း ဖို့အရေး လာမယ့် ဧပြီလ အတွင်း စဉ်းစား ကြရင် ထည့်သွင်း စဉ်းစား ရမယ့် အရေးကြီး သတ်မှတ်ချက် တခု ကို ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဆီ ကို စာရေး တိုက်တွန်းလိုက်ပါတယ်။

ဗြိတိန် မှာ အင်အား အကောင်း ဆုံး အလုပ်သမား သမဂ္ဂ ကြီးဖြစ်တဲ့ TUC က မြန်မာနိုင်ငံ မှာ အပြု သဘော ပြောင်းလဲမှု တွေ ကို ကြိုဆို ပေမယ့် အာဏာပိုင်တွေက အတင်းအဓမ္မ အလုပ်စေခိုင်း တာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု တွေ က ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေဆဲဖြစ်တဲ့ အတွက် ဒီ အရေး တွေ ကို မြန်မာ အစိုးရ အနေနဲ့ အသေအချာ ဖြေရှင်း ပြီးမှ သာ အီးယူ အနေနဲ့ မြန်မာ အပေါ် အရေးယူ ထားတဲ့ ဆန်ရှင် တွေ ကို ရုပ်သိမ်း သင့်တယ် လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ကို တောင်းဆိုလိုက်တာ ပါ။

မြန်မာ စစ်တပ် က ကလေးသူ ငယ်တွေ ကို စစ်သား အဖြစ်လုပ်ခိုင်းနေတဲ့ ကိစ္စ တွေ အပါအဝင် အရပ်သားတွေ ကို လမ်းဖောက်ခိုင်းတာ ပေါ်တာ ဆွဲ တာ စတာတွေ လုပ်နေဆဲ ဖြစ်ကြောင်း အိုင်အယ်အို အနေနဲ့ အစီရင်ခံစာ ထုတ်ထား တာ ကို ထောက်ပြလိုက် ပါတယ်။

မြန်မာ အစိုးရ အနေနဲ့ လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး အကျဉ်းသား တွေ လွှတ်ပေးတာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ရ ဖို့ လုပ်နေတာ၊ တွေ ရှိနေတယ်ဆို တော့ နိုင်ငံတကာ က တောင်းဆိုတာ တွေ ကို လိုက်လျောဆောင်ရွက် နေတဲ့ ပုံပါ။

ဒါပေမယ့် အတင်းအဓမ္မ အလုပ် စေခိုင်းခြင်း ကို ဥပဒေအရ အပြစ်ပေးမယ် လို့ တားမြစ်လိုက်မှ သာ စီးပွားရေး ဆန်ရှင် တွေရုပ်သိမ်း သင့် ကြောင်း TUC က ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။