ဆီးရီးယားနိုင်ငံမှာ ကြက်ခြေနီအဖွဲ့ ကူညီရေးစတင်

  • 4 မတ် 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဘာဘာ အာမာ ရပ်ကွက်ထဲကိုတော့ ICRC ဝင်ခွင့် မရသေးပါဘူး

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ဟာ အမြောက်ဒဏ်ခံခဲ့ရတဲ့ ဆီးရီးယား နိုင်ငံ ဟုမ်းစ်မြို့ ဘာဘာအာမာ ရပ်ကွက် ကနေ ထွက်ပြေးလာ သူတွေ အတွက် ကယ်ဆယ်ရေး အကူအညီတွေကို စတင် ဖြန့်ဝေ ပေးနေပြီ ဖြစ်ပါတယ်။

ဒါပေမယ်လို့ ရပ်ကွက်ထဲကိုတော့ ICRC ဝင်ခွင့် မရသေးပါဘူး။ အကြောင်းကတော့ အဲဒီမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေနဲ့ ထောင်ချောက်တွေ ရှိနေသေးတဲ့အတွက် အလွန်တရာ အန္တရာယ် ရှိနေတယ်လို့ ဆီးရီးယား အာဏာပိုင်တွေက ပြောထားတာ ကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဏာပိုင်တွေ ကတိပြုထားတဲ့အတိုင်း ဘာဘာအာမာ ရပ်ကွက်ထဲ သေချာပေါက် ဝင်ခွင့် ရရေးအတွက်ကတော့ သုံးရက်မြောက်နေ့ အဖြစ် ဆက်လက် ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

ကယ်ဆယ်ရေး ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ICRC ရဲ့ ထရပ်ကား ၇ စီးဟာ သောကြာနေ့ ကတည်းက ဟုမ်းစ်မြို့မှာ ဒီအတိုင်း ရှိနေတာ ဖြစ်ပါတယ်။

ဆီးရီးယား တပ်ဖွဲ့တွေဟာ ဘာဘာအာမာ ရပ်ကွက်ကို သီတင်းပတ်ပေါင်း များစွာ အမြောက် တွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ပြီးနောက် ကြာသပတေးနေ့က သူပုန်တွေ ဆုတ်ခွားသွားတဲ့ အချိန်မှာ ဝင်ရောက်ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လက ဆီးရီးယားမှာ သေဆုံးသွားတဲ့ နိုင်ငံခြား သတင်းထောက် ၂ ဦးရဲ့ အလောင်းတွေကို ဒမားစကပ်စ်ကနေ ပဲရစ်မြို့ကို သယ်ဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။