အီရန်နျူကလီးယား စီမံကိန်းအပေါ် IAEA စိုးရိမ်နေဆဲ

  • 5 မတ် 2012
ဓာတ်ပုံ မူပိုင် Getty Images
Image caption IAEA ဘုတ်အဖွဲ့ အစည်းအဝေးကို ဗီယင်နာ မြို့မှာ ကျင်းပခဲ့

အီရန် နျူးကလီးယား စီမံကိန်းနဲ့ ပတ်သက် လို့ စစ်ရေး ရှုထောင့်အရ အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်စရာတွေ ဆက်ရှိနေဆဲပဲ လို့ IAEA နိုင်ငံတကာ အနုမြူနဲ့ စွမ်းအင် အေဂျင်စီ အဖွဲ့ အကြီးအကဲ မစ္စတာ ယူကီယာ အမာနိုက IAEA ဘုတ်အဖွဲ့ အစည်းအဝေးမှာ ထုတ်ဖေါ် ပြောကြား လိုက်ပါတယ်။

အီရန် နျူကလီးယား လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ မေးစရာ ဖြစ်နေတာတွေကို ပြီးခဲ့တဲ့ တီဟီရန်မြို့ ဆွေးနွေးပွဲမှာ ရှင်းရှင်းလင်းလင်း မသိခဲ့ရဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက အီရန်အစိုးရဟာ အချေအတင် ပြောစရာ ဖြစ်နေတဲ့ သူတို့ရဲ့ ယူရေနီယမ် သန့်စင်ရေးလုပ်ငန်းကို တိုးချဲ့ လုပ်နေခဲ့တယ်လို့ ဆိုပြီး ဒီကိစ္စကို IAEA ဘုတ်အဖွဲ့ကြီးအနေနဲ့ ထိန်းကျောင်းပေးဖို့ မစ္စတာ အမာနိုက ပန်ကြားလိုက်ပါတယ်။

တနင်္ဂနွေနေ့တုန်းကပဲ အမေရိကန် သမ္မတ အိုဘားမားက အီရန်အစိုးရ နျူကလီးယား လက်နက် မထုတ်လုပ်နိုင်အောင် အင်အားသုံး တားဆီးဖို့ လက်နှေးမှာ မဟုတ်ဘူးလို့ ထုတ်ဖေါ် သတိပေးလိုက်ပါတယ်။

ဒါပေမယ့် သံတမန်ရေးနည်းကို အရင်ရွေးချယ်ဖို့ ဆန္ဒရှိနေဆဲပါပဲလို့ ဆိုပါတယ်။

မကြာသေးခင်ကပဲ အမေရိကန် အစိုးရက အီရန်ဗဟိုဘဏ်အပေါ် ပိတ်ဆို့မှုတွေ ပြဌာန်း လိုက်ပြီး ဒဏ်ခတ် အရေးယူမှုတွေကို တိုးမြှင့်လုပ်ခဲ့ပါတယ်။

တချိန်ထဲမှာပဲ အီရန် အစိုးရအပေါ် ပြင်းထန်တဲ့ အရေးယူမှု လုပ်ဖို့ ထပ်ခါတလဲလဲ တောင်းဆို နေတဲ့ အစ္စရေး သမ္မတ ရှီမွန် ပဲရစ်စ်ကလည်း သမ္မတ အိုဘားမားရဲ့ ပြောဆိုချက်ကို ကြိုဆိုလိုက်ပါတယ်။

အီရန်အစိုးရဟာ ကမ္ဘာတဝှမ်းလုံးအတွက် အန္တရာယ်ပဲလို့ သူက ပြောသွားပါတယ်။

စိတ်ဓါတ်ပိုင်း ဆိုင်ရာ ယိုယွင်း ပျက်စီးနေတဲ့ အာဏာရှင် အစိုးရ ဖြစ်တဲ့ အီရန်အစိုးရကို ဖြုတ်ချဖို့ သမ္မတ ရှီမွန် ပဲရက်စ်က တောင်းဆိုလိုက်ပါတယ်။

တခါ IAEA အဖွဲ့ထဲက အနောက်အုပ်စု အင်အားကြီး နိုင်ငံတွေအနေနဲ့ အီရန်အစိုးရအပေါ် ဖိအားတွေ ပိုပေးဖို့ လိုလားနေတာပါ။

IAEA နျူကလီးယား စစ်ဆေးရေးမှူးတွေကို အီရန်နိုင်ငံထဲ ဝင်ခွင့် ပိတ်ပင်ခဲ့တာအပေါ် ပြန်လက်တုန့်ပြန်တဲ့ အနေနဲ့ အီရန်အစိုးရအပေါ် အရေးယူ ပြဌာန်းချက်တခု ချမှတ်နိုင်ဖို့ သူတို့က လိုလားနေတာပါ။

ဒါပေမယ့် ဒီလို လုပ်ဖို့ ရုရှားနဲ့ တရုတ်တို့က ထောက်ခံမလား ဆိုတာကတော့ မသေချာသေး ပါဘူး။