IAEA ကို စစ်ဘက် အဆောက် အဦ ဝင်းထဲ ဝင်ခွင့် ပြုနိုင်

  • 6 မတ် 2012

အီရန် နိုင်ငံက ကုလ သမဂ္ဂရဲ့ နျူကလီးယား စောင့်ကြည့်ရေး အဖွဲ့ကို ပါချင် Parchin စစ်ရေး ဆိုင်ရာ အဆောက် အဦ အတွင်း ဝင်ရောက် စစ်ဆေးခွင့် ပြုမယ့် သဘော ပြောဆိုလိုက် ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption IAEA အဖွဲ့ ခုချိန်ထိ ပါချင်ကို ဝင်ခွင့် မရသေး

နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ IAEA ကို ခုချိန်ထိ ပါချင် အဆောက်အဦ ဝင်း အတွင်း ကို ဝင်ခွင့် မပေးပဲ အီရန် နိုင်ငံက ငြင်းဆို နေတုန်း ဖြစ်ပါတယ်။

အဲဒီမှာ ပြုလုပ်တဲ့ ဖောက်ခွဲ စမ်းသပ်မှုတွေ က အနုမြူဗုံး ထုတ်လုပ်မှုတွေ ရှိနေနိုင်တယ် လို့ IAEA က ယူဆ ပါတယ်။

အီရန် အပေါ် စစ်ရေး အရ ဝင်ရောက် တိုက်ခိုက် နိုင်ဖွယ် ရှိတယ် ဆိုတဲ့ ပြောဆိုမှု ထွက်လာပြီးတဲ့ နောက်မှာ အီရန် ဘက်က IAEA ကို ဝင်ရောက် စစ်ဆေးခွင့် ပြုမယ့် သဘော ကမ်းလှမ်းချက် ပေါ်ထွက်လာခဲ့ တာပါ။

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု က အမေရိကန် သမ္မတ ဘာရက် အိုဘားမားနဲ့ တွေ့ဆုံခဲ့ အပြီးမှာ သံတမန်ရေးနဲ့ ဒါဏ်ခတ် ပိတ်ဆို့ အရေးယူမှု တွေဟာ အီရန်ရဲ့ နျူကလီးယား အစီအစဉ် တွေကို ရပ်တန့်အောင် မလုပ် နိုင်ခဲ့ဘူးလို့ ပြော ပါတယ်။