ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း လေးဂွနဲ့ ပစ်ခံရ

  • 8 မတ် 2012
ဓာတ်ပုံ မူပိုင် Soe Than WINAFPGetty Images
Image caption ဒေါ်စုရဲ့ နေပြည်တော် စည်းရုံးရေးခရီးစဉ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း မတ်လ ၆ရက်နေ့ ညနေ ရနာရီခွဲခန့်က နေပြည်တော်က ရန်ကုန်အပြန် လမ်းမှာ ယာဉ်တန်းပါ ကားတစီး လေးဂွနဲ့ အပစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

နေပြည်တော်က အပြန် အုတ်တွင်းမြို့မှာ တရားဟောပြီး ပြန်အထွက် အမြန်လမ်းမပေါ် မိုင်တိုင် ၈၅ နဲ့ ၈၆ ကြား ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာတဲ့ ကားနဲ့ တကားကျော် လုံခြုံရေးကားရဲ့ နောက်ညာဘက်မှန်ကို လေးဂွနဲ့ အပစ်ခံရတယ်လို့ ယူဆရကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ ကိုယ်ရေးလုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က ဘီဘီစီကို ပြောပါတယ်။

မှန်တွေကွဲကြေပြီး ကားပေါ်ပါသူတွေ မှန်စထိမှန်တဲ့ ဒဏ်ရာရပေမယ့် အကြီးအကျယ်ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။

အဲဒီနေရာမှာ အခုလို လေးဂွနဲ့အပစ်ခံရမှုဟာ ၆လ အတွင်း တတိယမြောက် ဖြစ်ရပ်ဖြစ်ပြီး အရင်းသံရုံးကားတစီးနဲ့ လူကြီး ယာဉ်တန်းတခု အလားတူ အပစ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလို ဖြစ်ရပ်ဟာ ဒီလမ်းမှာ သွားလာနေတဲ့ ယာဉ်တွေ အန္တရာယ်များပြီး လူမျိုသိက္ခာကို ထိခိုက်နိုင်တဲ့ ဖြစ်ရပ်ဖြစ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကို ဖြစ်ရပ်မှန် ဖေါ်ထုတ်ပေးဖို့ အကြောင်းကြားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တိုက်ခိုက်တာ ဟုတ်မဟုတ်ဆိုတာကိုတော့ အသေအချာ မပြောနိုင်ပေမယ့် သူ့အနေနဲ့တော့ မထင်ဘူးလို့ ဦးခွန်သာမြင့်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီး စဉ်တွေအတွင်း လုံခြုံရေးနဲ့ပတ်သက်ပြီး သက်ဆိုင်အာဏာပိုင်တွေ လုံခြုံရေးဆိုင်ရာတွေနဲ့ ကြိုတင်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာက ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သူက ပြောပါတယ်။

လောလောဆယ်မှာ သက်ဆိုင်ရာက ဖြစ်ရပ်မှန်ကို ဖေါ်ထုတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။