ဦးဂမ္ဘီရ ကို စစ်ဆေးပြီးပြန်လွှတ်

  • 8 မတ် 2012
ဓာတ်ပုံ မူပိုင် AP

မတ်လ၆ရက် အင်္ဂါနေ့ညက အထူးရဲတပ်ဖွဲ့ကနေ စစ်ဆေးစရာရှိလို့ဆိုပြီး ခေါ်ဆောင်သွားတဲ့ ၂၀၀၇ သံဃာ့ လှုပ်ရှားမှုရဲ့ ဦးဆောင် ဆရာတော်တပါး ဖြစ်တဲ့ အရှင်ဂမ္ဘီရကို မနေ့ည ၉နာရီခွဲ လောက်က ယာယီ သီတင်းသုံးနေတဲ့နေအိမ်ကို ပြန်လည် ပို့ပေးခဲ့ပါတယ်။

ဆရာတော်နဲ့အတူ ညီဖြစ်တဲ့ ကိုလွင်မောင်မောင်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထွန်းထွန်းဦးတို့ကိုလည်း ခေါ်ယူစစ်ဆေးခဲ့ပြီး ရှေ့ဆင့်နောက်ဆင့် ပြန်ပို့ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဆရာတော်ကို ချိပ်ပိတ်ထားတဲ့ ကျောင်းတွေကို ပြန်ဖွင့်ခဲ့တဲ့ ကိစ္စ ၊ကချင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ အကြောင်းရင်း စတာတွေကို မေးမြန်းခဲ့တယ်လို့ ဆရာတော်ရဲ့ညီ ကိုလွင်မောင်မောင် ကပြန်ပြောပြပါတယ်။

ဆရာတော်က ကျောင်းတွေကိစ္စဟာ မဟနတွေနဲ့ပြေလည်ပြီးဖြစ်တယ်၊ ကချင်ပြည်နယ်ကို သွားတာဟာ စစ်ဘေးဒုက္ခသည်တွေ ဘာတွေ လိုအပ်သလဲဆိုတာ သွားလေ့လာတာ စသဖြင့် ပြန်ဖြေခဲ့တယ်လို့ ဆိုပါတယ်။

ဆရာတော် ဦးဂမ္ဘီရလုပ်ဆောင်ချင်တာတွေကို အစိုးရနဲ့ပူးပေါင်းလုပ်ဆောင်နိုင်ကြောင်း စစ်ဆေးသူတွေကပြောတော့ ဆရာတော်က အစိုးရအဖွဲ့တွေ နိုင်ငံရေးပါတီတွေနဲ့သီးခြားနေချင်လို့ လုပ်နိုင်သမျှကိုယ့်ဖာသာလုပ်နေတဲ့အကြောင်း ပြန်မိန့်ခဲ့တယ်လို့ ပြောပါတယ်။

ဆရာတော် ဦးဂမ္ဘီရကတော့ ကချင်ပြည်နယ်ကပြန်လာတာခရီးပမ်းတာရော ညကကောင်းကောင်းမအိပ်ရဘဲ စစ်ဆေးခံရတာကြောင့် ကျန်းမာရေးမကောင်းလို့ ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။

ဆရာတော် ဦးဂမ္ဘီရဟာ ဇန်နဝါရီ ၁၃ ရက်က သမတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာပြီးနောက် သံဃာတော်တွေနေထိုင်ဖို့ ကျောင်းမရှိတာကြောင့် ချိပ်ပိတ်ထားတဲ့ မဂ္ဂင်ကျောင်းတိုက်နဲ့ တခြား ၃ကျောင်းကို အာဏာပိုင်ခွင့်ပြုချက်မယူဘဲ ဖွင့်လှစ်သီတင်းသုံးနေထိုင်စေခဲ့ပါတယ်။

အဲဒီကိစ္စကြောင့် နိုင်ငံတော်သံဃမဟာနယကနဲ့ တာ၀န်ရှိသူတွေက ၃ကြိမ်တိုင်တိုင်ဆင့်ခေါ်တဲ့အခါ မကြွရောက်ခဲ့လို့ ဖေဖေါ်ဝါရီ ၁၀ရက်နေ့ကလည်း ခုလိုဘဲ တညတာ ခေါ်ယူစစ်ဆေးတာခံခဲ့ရပါသေးတယ်။

ခုတကြိမ်ခေါ်ယူစစ်ဆေးတာနဲ့ပါဆိုရင် ဆရာတော်ထောင်ကလွှတ်လာပြီးတဲ့နောက် ဒုတိယအကြိမ်မြောက် ခေါ်ယူစစ်ဆေးခံရတာဖြစ်ပါတယ်။