နိုင်ဂျီးရီးယား မှာ ဓားစာခံတွေ အသတ်ခံရ

  • 8 မတ် 2012
chris_uk ဓာတ်ပုံ မူပိုင် bbc
Image caption နိုင်ဂျီးရီးယားမှာ အကြမ်းဖက် ပြန်ပေးဆွဲသမား တွေ သတ်ဖြတ် လိုက်တဲ့ ဗြိတိသျှ လူမျိုး အင်ဂျင်နီယာ

နိုင်ဂျီးရီးယား မှာ အကြမ်းဖက် သမား တွေက ဓားစာခံအဖြစ် မနှစ် ကတည်း က ဖမ်းဆီးခံထားရတဲ့ ဗြိတိသျှ အင်ဂျင်နီယာ ခရစ် မက်မန်နပ်စ် နဲ့ သူ့လုပ်ဖော် ကိုင်ဖက် အီတလီ အင်ဂျင်နီယာ ဖရန်ကို လာမို လီနာရာ တို့ နှစ်ဦး ကို ကယ်တင်ဖို့ ကြိုးစား ခဲ့ကြပေမယ့် သူတို့ ကို မကယ် ထုတ် နိုင်ခင် ဖမ်းထားတဲ့ သူတွေ က သူတို့ ကို သတ်ပစ်လိုက်ခဲ့ကြပါတယ်။

နိုင်ဂျီးရီးယား နိုင်ငံ အနောက်မြောက်ပိုင်း က ကက်ဘီ ပြည်နယ် အတွင်း ဘဏ် အဆောက် အဦ တခု ဆောက် လုပ်ဖို့ အတွက် အီတလီ ကုမ္ပဏီ တခု ရဲ့ စီမံကိန်းမှာ သူတို့ အလုပ်လုပ်နေတုန်း မနှစ် ၂၀၁၁ မေလ ပိုင်းမှာ လက်နက်ကိုင် တွေ ရဲ့ ဖမ်းဆီး တာ ကို ခံခဲ့ရ ပါတယ်။

အဲဒီ အချိန် ကတည်း က နိုင်ဂျီး ရီးယား အစိုးရ နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ပြီး သူတို့ ကို ကယ်တင်နိုင်အောင် ကြိုးစား ခဲ့တယ် လို့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က ပြောပါတယ်။

သူတို့ကို ဖမ်းထားတဲ့ အကြမ်းဘက်သမား တွေ ဟာ သူတို့ ကို သတ်ပစ်တော့မယ် ဆိုတဲ့ လက္ခဏာ တွေ ကို လည်း ရထားတယ်၊ သူတို့ ကို ဗွီဒီယို ရိုက်ပြီး အင်တာနက် မှာ လည်း ဖြန့်ထားတာ ကို တွေ့ရပြီး ဖြစ်တယ်၊ အဲဒီ အချိန်မှာ သူတို့ ကို ချုပ်ထားတဲ့ နေရာ ကို သိရတဲ့ အတွက် အခွင့် အရေး ကို လက်လွတ် မခံ ပဲ ကယ်တင်ဖို့ ကြိုးစား ခဲ့တာ ဖြစ်ကြောင်း ဝန်ကြီးချုပ် က ရှင်းပြ ခဲ့ပါတယ်။

နိုင်ဂျီးရီးယား လုံခြုံရေး တပ်ဖွဲ့တွေ က ဗြိတိန် ရဲ့ အကူအညီ ပေးမှု နဲ့ အတူ ဖမ်းဆီးထား သူ တွေ ကို ဝင်ရောက် စီးနင်းတဲ့ အော်ပရေးရှင်း လုပ်ခဲ့ ပေမယ့် အင်ဂျင်နီယာ ၂ ဦး ရဲ့ အသက် ကို တော့ မကယ်တင် နိုင်ခဲ့ပါဘူး။

အခု ပြန်ပေးဆွဲတဲ့ သူတွေ ဟာ ဘိုကို ဟာရမ် စစ်သွေးကြွ အဖွဲ့ က ဖြစ်တယ် လို့ နိုင်ဂျီးရီးယား သမ္မတ က ပြောပေမယ့် အသေအချာ တော့ အတည်ပြု နိုင်ခြင်း မရှိသေး သလို နိုင်ငံခြားသား အင်ဂျင်နီယာ တွေ ကို နိုင်ငံရေး အရ ဖမ်းခဲ့တာ လား၊ ငွေတောင်းချင် လို့ ပြန်ပေးဆွဲခဲ့တာ လား ဆိုတာ လည်း မရှင်း သေး ပါဘူး။

ဒေသတွင်းမှာ တော့ ဘိုကို ဟာရမ် အဖွဲ့ရဲ့ အကြမ်းဖက် လှုပ်ရှား မှု တွေ သတင်း ကို ထပ်ခါ ထပ်ခါ ကြား နေရသလို ပြီးခဲ့တဲ့ နှစ် သြဂုတ် လ က အဘူဂျာ အရပ်မှာ ရှိတဲ့ ကုလသမဂ္ဂ ရုံး ကို ဗုံးခွဲခဲ့ကြတာ လည်း သူတို့ လက်ချက် ပဲ လို့ စွပ်စွဲထား ပါတယ်။

ဒီ ဘိုကို ဟာရမ် အဖွဲ့ ဟာ အယ်ခိုင်းဒါး အဖွဲ့ နဲ့ တိုက်ရိုက် ဆက်စပ်ထားတာ မရှိပေမယ့် လည်း အယ်ခိုင်းဒါး အဖွဲ့ က ဒီအဖွဲ့ အပေါ် သြဇာ ရှိပုံ ရတယ် လို့ လည်း တွက်ဆ နေကြပါတယ်။