ဆီးရီးယားမှာ ပြည်ပ စစ်ရေး မစွက်ဖက်ဖို့ ကိုဖီအာနန် သတိပေး

  • 8 မတ် 2012

ကမ္ဘာ့ ကုလသမဂ္ဂနဲ့ အာရပ် အဖွဲ့ချုပ် ရဲ့ ဆီးရီးယား နိုင်ငံ ဆိုင်ရာ အထူး သံတမန် မစ္စတာ ကိုဖီအာနန်က ဆီးရီးယားကို ပြည်ပ ကနေ စစ်ရေး အရ တစုံတရာ ဝင်ရောက် စွက်ဖက်မှုဟာ အခြေ အနေ ပိုဆိုးအောင် လုပ်တာသာ ဖြစ်မယ်လို့ ပြောရင်း စစ်ရေး စွက်ဖက်မှုကို ဆန့်ကျင် သတိပေးလိုက် ပါတယ်။

Image caption ဆီးရီးယား အရေးကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းမှ ရမယ်လို့ မစ္စတာ အာနန် ပြော

ဘယ်သူ ကမှ အင်အားသုံးဖို့ စဉ်းစားမှာ မဟုတ်ပါဘူး လို့မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

စီစဉ်ထားတဲ့ Damascus ခရီးစဉ် မတိုင်ခင် မစ္စတာ အာနန်က ဆီးရီးယား ပြဿနာကို နိုင်ငံရေး အရ ဖြေရှင်း မှသာ ပြေလည်အောင် နိုင်လိမ့်မယ် လို့ ပြောပါတယ်။

မစ္စတာ အာနန်က ဆီးရီးယား ပြည်သူလူထု ရဲ့ မျှော်မှန်းချက်တွေကို ထင်ဟပ် စေတဲ့ ဖြေရှင်းမှု တစ်ရပ် ရအောင် ဦးတည် ဆောင်ရွက်ကြဖို့ အတိုက်အခံ ဘက်ကိုရော အစိုးရ ဘက်ကိုပါ တိုက်တွန်းခဲ့ ပါတယ်။

အာရပ် အဖွဲ့ချုပ် ရဲ့ အတွင်း ရေးမှူးချုပ် နာဘီ အယ်လ် အာရဘီ Nabil El-Araby နဲ့ ဆွေးနွေးပြီးတဲ့ နောက် အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ နာဘီ အယ်လ် အာရဘီ ကလည်း အခုလောလောဆယ် တိုက်ခိုက်မှုတွေ ရပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

လူသားချင်း စာနာမှု ဆိုင်ရာ အကူ အညီတွေ၊ ဆေးဝါး အထောက်အကူတွေ၊ စတင် ပေးဖို့ လိုနေတယ် လို့လည်း သူက ပြောပါတယ်။

ဆီးရီးယား ဝန်ကြီး ဘက်ပြောင်း

Image caption မစ္စတာ ဟူဆန် အက်ဒင်က အစိုးရဘက်က လက်တုံ့ ပြန် မှာကို မျှော်လင့်ထား

ဆီးရီးယား နိုင်ငံရဲ့ လက်ထောက် ရေနံ ဝန်ကြီး အက်ဘ်ဒို ဟူဆန် အက်ဒင် Abdo Hussam-eddin က သူဟာ အစိုးရ အဖွဲ့ကနေ ဆီးရီးယား လူထု တော်လှန်ရေး ဘက်ကို ဘက်ပြောင်း လာပြီလို့ ထုတ်ဖော် ပြောလိုက် ပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်က သမ္မတ အာဆတ်ကို ဆန့်ကျင်တဲ့ လူထု အုံကြွမှုကြီး နောက်ပိုင်း ဘက်ပြောင်း လာတဲ့ အရပ်သား အရာရှိကြီးတွေထဲမှာ သူဟာ အဆင့် အမြင့်ဆုံး ဖြစ်ပါတယ်။

အင်တာနက်မှာ ဖော်ပြ ထားတဲ့ ဗီဒီယို ထဲမှာ ဆီးရီးယား အာဏာပိုင်တွေက သူ့အိမ်ကို မီးရှို့ပြီး သူ့မိသားစုတွေကို လိုက်လံ ရှာဖွေပြီး တုံ့ပြန် လိမ့်မယ်လို့ မျှော်လင့် ထားကြောင်း ပြောပါတယ်။

တခြား အစိုးရ အဖွဲ့ဝင်တွေ ကိုလည်း သမ္မတ အာဆတ် အစိုးရ အဖွဲ့ကနေ နုတ်ထွက်ကြဖို့ သူက တိုက်တွန်း ပါတယ်။