တရုတ် လူ့အခွင့်အရေး ပိုဆိုးနေ

  • 9 မတ် 2012
ai weiwei ဓာတ်ပုံ မူပိုင် Reuters
Image caption ထင်ရှားတဲ့ အနုပညာရှင် အိုင်ဝေဝေ လည်း အဖမ်းခံခဲ့ရ

တရုတ် နိုင်ငံမှာ အရှေ့ အလယ်ပိုင်း ဒေသ ပုံစံ တောင်းဆို ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး နောက်ပိုင်း အာဏာပိုင် တွေက အတိုက်အခံ တွေ အပေါ် ပိုမို တင်းကျပ် လာတယ်လို့ ထင်ရှားတဲ့ လူ့ အခွင့် အရေး ကာကွယ် သူများ အဖွဲ့က ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။

ဟောင်ကောင် အခြေစိုက် လူ့ အခွင့် အရေး ကာကွယ်သူများ အဖွဲ့ရဲ့ နှစ်ပတ်လည် အစီရင်ခံစာ မှာ ဖော်ပြထား တာပါ။

အစိုးရရဲ့ ဖမ်းဆီး နှိမ်နင်းမှုတွေ အတွင်းမှာ ထင်ရှားတဲ့ အတိုက်အခံ ၂၀ ကျော် လောက် သီတင်းပတ်တွေ လတွေနဲ့ ချီပြီး ပျောက်သွားခဲ့ ကြတယ်လို့ ဆိုပါတယ်။

ဖမ်းဆီး ခံရသူတွေ ထဲမှာ ထင်ရှားတဲ့ အနုပညာရှင် အိုင်ဝေဝေ လည်း ပါဝင် ပါတယ်။

လျှို့ဝှက် နေရာတွေမှာ ဖမ်းဆီး ထားတာ ဟာလည်း ရဲတွေရဲ့ ညှင်းပန်း နှိပ်စက်မှု တွေ ခံရနိုင်တဲ့ အန္တရာယ် ပိုကြီးတယ်လို့ ထောက်ပြ ပါတယ်။

အဖမ်းခံ နေရတုန်း ဒီမိုကရေစီရေး လှုပ်ရှားသူ ၁၅၀ လောက် ညှဉ်းပန်း နှိပ်စက် ခံခဲ့ကြရ တယ်လို့ အစီရင်ခံစာက ပြောပါတယ်။

ဖြစ်ရပ် တခုမှာ ဆိုရင် ဒီမိုကရေစီရေး လှုပ်ရှားသူ တစ်ယောက်ဟာ မတ်တတ် တောင် မရပ်နိုင် လောက်အောင် ဆိုးဆိုးဝါးဝါး ရိုက်နှက် ခံခဲ့ရတယ် ဆိုတာ ဖော်ပြထားပါတယ်။

တချို့ကိုတော့ မအိပ် မနေ စစ်ဆေး မေးမြန်း ခံကြရပြီး သူတို့ အမှား ကျူးလွန် ပါတယ် ဆိုတာ အတင်း ဝန်ခံ ခိုင်းခဲ့ပြီးတဲ့ နောက်မှာ ပြန်လည် ပညာပေး စခန်းတွေဆီ အတင်း စေလွှတ်တာ ခံခဲ့ကြရတယ်လို့ လည်း ဆိုပါတယ်။

ဒါပေမဲ့ တရုတ် အာဏာပိုင်တွေ ကတော့ သူတို့ဟာ တရား ဥပဒေ စိုးမိုးရေး အရ နိုင်ငံကို အုပ်ချုပ် နေတာ ဖြစ်တယ်လို့ အခိုင်အမာ ပြောပါတယ်။