ဆီးရီးယား အပစ်ရပ် ဆွေးနွေးဖို့ ပယ်ချ

  • 9 မတ် 2012
Burhan Ghalioun ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတက သူ့ပြည်သူကို ပြန်သတ်နေချိန်မှာ ဆွေးနွေးပွဲ ခေါ်မှာ စိတ်ပျက်စရာလို့ ဆို

သမ္မတ အာဆတ်နဲ့ အပစ်အခတ် အဆုံးသတ်ရေး ဆွေးနွေးဖို့ ကုလ သမဂ္ဂနဲ့ အာရပ် အဖွဲ့ချုပ် ကိုယ်စားလှယ် ကိုဖီ အာနန် တောင်းဆိုချက်ကို ဆီးရီးယား အဓိက အတိုက်အခံ အုပ်စု ခေါင်းဆောင်က ပယ်ချ လိုက်ပါတယ်။

သမ္မတ အာဆတ်က သူ့ပြည်သူတွေကို သူ ပြန်သတ်နေချိန်မှာ ဆွေးနွေးပွဲ ခေါ်ဖို့ လုပ်တဲ့ အစီအစဉ်က စိတ်ပျက်စရာပဲလို့ ပါရီ အခြေစိုက် ဆီးရီးယား အမျိုးသား ကောင်စီ ခေါင်းဆောင် ဘူရ်ဟန် ဂါလ်ယွန်းက ဆိုပါတယ်။

ဒီ အတောအတွင်း ဆီးရီးယား ဗိုလ်ချုပ်ကြီး ၂ ယောက်နဲ့ ဗိုလ်မှူးကြီး တဦး အတိုက်အခံဘက် ကူးပြောင်း လာတယ်လို့ တူရကီ အစိုးရ ရုပ်သံက သတင်း ဖော်ပြပါတယ်။

ခုချိန်ထိတော့ ဆီးရီးယား တပ်ပြေး အများစုက အောက်ခြေ အဆင့် တပ်သားတွေ များပါတယ်။

အစိုးရ တပ်တွေက ဟုမ်းစ်မြို့ အတိုက်အခံ ရပ်ကွက်တွေမှာ ဗုံးတွေ ပြန်ကြဲနေပြီလို့လည်း တက်ကြွ လှုပ်ရှားသူတွေက ဆိုပါတယ်။

ကုလ သမဂ္ဂ လူမှု ကူညီရေး ကိုယ်စားလှယ် ဗယ်လာရီ အေးမို့စ် ကတော့ တူရကီ နယ်စပ်က ဆီးရီးယား ဒုက္ခသည် စခန်းတွေဆီကို အစီအစဉ် မရှိပဲ ချက်ချင်း သွားရောက် ခဲ့ပါတယ်။

ထွက်ပြေး လာရတဲ့ ဆီးရီးယား နိုင်ငံသား သောင်း တထောင်ရဲ့ အခြေအနေကို လေ့လာဖို့ သွားတာ ဖြစ်ပါတယ်။

သမ္မတ ဘရှား အာဆတ်ကို ခုခံနေတဲ့ သူပုန် စစ်စခန်းတွေ ရှိသေးတဲ့ ဆီးရီးယား အနောက်မြောက်ပိုင်းမှာ ထိုးစစ် ဆင်နေတာကြောင့် တူရကီမှာ ဆီးရီးယား ဒုက္ခသည် အရေအတွက် များပြား လာပါတယ်။