ငြိမ်းချမ်းရေးအတွက် အသင့်ရှိကြောင်း သမ္မတ အာဆတ်ပြော

  • 10 မတ် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် နဲ့ သမ္မတအာဆတ်တို့ ဆွေနွေးခဲ့

ဆီးရီးယား သမ္မတ ဘာရှားအဲလ် အာဆတ်က ရိုးသားတဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေ အတွက် သူ့အနေနဲ့ အဆင်သင့်ရှိတယ်လို့ ပြောကြားလိုက် ပါတယ်။

ဒါပေမယ့်လို့ သူ့အဆို နိုင်ငံထဲမှာ အကြမ်းဖက် အုပ်စုတွေ လှုပ်ရှားနေသ၍တော့ နိုင်ငံရေးအရ ဘယ်လို တွေ့ဆုံ ဆွေးနွေးမှုမျိုးမှ လုပ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အခုလို အကြမ်းဖက်အုပ်စု ဆိုတာဟာ ဆီးရီးယား အာဏာပိုင်တွေက အတိုက်အခံတွေကို ရည်ညွှန်း ပြောကြားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့ အာရပ်နိုင်ငံများ အဖွဲ့ချုပ်တို့ရဲ့ ငြိမ်ချမ်းရေး ကိုယ်စားလှယ် ဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နဲ့ သမ္မတ အာဆတ်တို့ ဒမားစကပ်စ်မှာ တွေ့ဆုံ ဆွေးနွေးပြီးနောက် မစ္စတာ အာဆတ်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မစ္စတာ အာနန်ဟာ လုံးဝ အပစ်အခတ်ရပ်စဲရေး၊ လူသားချင်း ထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ဖြန့်ဝေခွင့် ရရေးနဲ့ အစိုးရနဲ့ အတိုက်အခံတွေကြား တွေ့ဆုံ ဆွေးနွေးရေးတွေ ဖြစ်လာဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

ရုရှားရဲ့ ရပ်တည်ချက်

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ရုရှားနိုင်ငံဟာ ဘယ်အစိုးရကိုမှ အကာ အကွယ် မပေးကြောင်း ပြော

ဆီးရီးယားက တိုက်ခိုက်မှုတွေ အပေါ် ရုရှား နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး အီဂျစ် နိုင်ငံမှာ ကျင်းပနေတဲ့ အာရပ်နိုင်ငံများ ခေါင်းဆောင်တွေ ရဲ့ အစည်းအဝေးမှာ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂီ လက်ရို့ဗ်က ခုခံ ပြောကြားသွားပါတယ်။

ရုရှားနိုင်ငံဟာ ဘယ်အစိုးရ အဖွဲ့အစည်းကိုမှ အကာအကွယ် ပေးနေတာ မဟုတ်ကြောင်း ကိုင်ရိုမြို့ အဲဒီအစည်းအဝေးမှာ မစ္စတာ လက်ရို့ဗ်က ပြောပါတယ်။

ဒါပေမယ့်လို့ ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီးကတော့ အာရပ်နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေး အစီအမံပေါ် အခြေခံတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် အပေါ် ရုရှားက ဗီတို အာဏာသုံး ပယ်ချလိုက်တာဟာ ဆီးရီးယားပြည်တွေအပေါ် နောက်ထပ် အကြမ်းဖက်ဖို့ အစိုးရက လိုင်စင် ပေးလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံဟာလည်း ဒီကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ဗီတိုသုံး ပယ်ချခဲ့ပါတယ်။

ကာတာ နိုင်ငံခြားရေးဝန်ကြီး ကလည်း ဆီးရီးယားက သတ်ဖြတ်မှုတွေဟာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်တယ်လို့ အစည်းအဝေး မှာ ပြောကြားလိုက်ပြီး၊ နိုင်ငံ တကာ အနေနဲ့ စစ်ရေးအရ ကြားဝင်ဆောင်ရွက်ဖို့ကို တောင်းဆိုလိုက်ပါတယ်။