ဆီးရီးယားမှာ ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေ

  • 10 မတ် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ကုလသမဂ္ဂ လူသားချင်းစာနာ ကူညီရေး ဆိုင်ရာ အကြီးအကဲ ဗယ်လာရီ အေးမိုးစ်

ဆီးရီးယား နိုင်ငံမှာ လူတသန်းခွဲလောက်ဟာ ရိက္ခာ အရေးပေါ် လိုအပ်နေပြီး လက်ရှိ ရထားတဲ့ အကူအညီနဲ့ မလုံလောက်ဘူးလို့ အဲဒီမှာ ရောက်နေတဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှု သံတမန် ဗယ်လာရီ အေးမိုးစ် က ဆိုပါတယ်။

အရေးပေါ် လူမူကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေတဲ့ နေရာတွေကို ကုလသမဂ္ဂက သွားရောက် လေ့လာ စစ်ဆေးမယ့် အစီအစဉ် မှာတော့ ဆီးရီးယား အာဏာပိုင်တွေက ပူးပေါင်းပါဝင်ဖို့ သဘောတူလိုက်ပြီလို့ လည်း ဘယ်ရွန်နက်စ် အေးမိုးစ် က ဘီဘီစီကို ပြောပါတယ်။

စနေနေ့တုန်းက ဒမားစကတ်စ်မြို့မှာ ဆီးရီးယား အရေးဆိုင်ရာ နိုင်ငံတကာ အဆင့်မြင့် သံအရာရှိ ကိုဖီအာနန်ဟာ ဆီးရီးယား သမ္မတ ဘတ်ရှား အယ် အာဆတ် နဲ့ တွေ့ဆုံ လိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း နယူးယောက်မြို့မှာ ပြောကြားခဲ့ပါတယ်။