ဗီယက်နမ် နဲ့ မြန်မာ

  • 10 မတ် 2012
bbc vietnam giang ဓာတ်ပုံ မူပိုင် bbc viv
Image caption ဘီဘီစီ ဗီယက်နမ် ဌာနမှူး ဇန် က ဗီယက်နမ် ဟာ မြန်မာ ကို စီးပွာရေး အရ ပဲ စိတ်ဝင်စား လို့ ဆို

ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီး ဖန်ဘင်မင်း Pham Binh Minh ဟာ တနင်္ဂနွေနေ့ မှာ မြန်မာ နိုင်ငံကို သွား ရောက်မှာ ဖြစ်ပါတယ်။

ဗီယက်နမ် မှာ မြန်မာလို ပြုပြင် ပြောင်းလဲမှုတွေ လုပ်လာလေ မလား ဆိုတဲ့ မျှော်လင့်ချက် တွေ လည်း ရှိနေကြပါတယ်။

ဒါပေမဲ့ ဗီယက်နမ် အရေး လေ့လာ သုံးသပ်သူ တွေ ခန့်မှန်း နေကြ သလို မြန်မာရဲ့ ပြုပြင် ပြောင်းလဲမှု တွေ အတိုင်း ဗီယက်နမ် ကတော့ လိုက်လုပ် နိုင်ဖွယ်ရာ မရှိဘူး လို့ နှစ်နိုင်ငံ ဆက်ဆံရေးကို လေ့လာ စောင့်ကြည့် နေတဲ့ ဘီဘီစီ ကမ္ဘာ တလွှား အစီအစဉ် ဗီယက်နမ် ဌာန ဌာနမှူး ဇန် ငုယင် Giang Nguyen က ပြော ပါတယ်။

ဗီယက်နမ် ကွန်မြူနစ် အစိုးရက မြန်မာ ကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ တိုက်တွန်း ခဲ့ တဲ့ တချိန်တည်း မှာပဲ သူ့ နိုင်ငံတွင်းမှာ ကျတော့ အစိုးရအပေါ် ဆန့်ကျင်သူ တွေကို ဖမ်းတာတွေ လုပ်ခဲ့ပါတယ်လို့ Giang Nguyen က ပြောပါတယ်။

ဒါ့အပြင် သူ က ဗီယက်နမ် နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က စတင် ခဲ့တဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေရဲ့ အသီးအပွင့် တွေကို ကျေနပ် ခံစား နေတုန်းပဲ လို့ ထင်ပါတယ်၊ လောလောဆယ်မှာ နိုင်ငံ စီးပွားရေး သိပ်မကောင်းဘူး ဆိုတာတောင် စီးပွားရေး ဖွံ့ဖြိုးမှု နှုန်းက နှစ်စဉ် ၆ ရာခိုင်နှုန်း ၇ ရာခိုင်နှုန်းလောက် ရှိနေ ပါတယ်၊ လောလောဆယ် ဗီယက်နမ် နိုင်ငံဟာ စာပေ လွတ်လပ်ခွင့် ကလည်း ပိုဆိုးလာတဲ့ အပြင် ကွန်မြူနစ် ပါတီတွင်းမှာနဲ့ ကွန်မြူနစ် ပါတီ မဟာမိတ် တွေက လွဲရင် အစိုးရက ဘယ်သူနဲ့မှ တွေ့ဆုံ ဆွေးနွေးဖို့ မလိုလား တာကြောင့် ပြုပြင်ပြောင်းလဲမှုတွေ လုပ်လို တာထက် နောက်ပြန် သွားနေတယ် လို့တောင် မြင်ရ ပါတယ် လို့ ပြောသွား ပါတယ်။

လန်ဒန်က Global Poily Institute က ဗီယက်နမ် သုတေသီ Mr Loc Doan ကတော့ မြန်မာ နဲ့ ဗီယက်နမ် နှိုင်းယှဉ်ကြည့်ရင် မြန်မာ နိုင်ငံ ဘက်က ပြုပြင် ပြောင်းလဲမှု တွေ လုပ်ရတာဟာ နိုင်ငံတကာရဲ့ ဖိအားတွေ ကလည်း ရှိတယ်၊ ဒေါ်အောင်ဆန်း စုကြည် လို ဒီမိုကရေစီရေး ကို ကြိုးပမ်း ဆောင်ရွက် နေတဲ့ ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်လည်း ရှိတယ်၊ ပြုပြင် ပြောင်းလဲရေးကို လိုလားတဲ့ သမ္မတ ဦးသိန်းစိန်လို နိုင်ငံ့ ခေါင်းဆောင် လည်း ရှိတဲ့ အတွက် အတိုက်အခံ တွေနဲ့ ညှိနှိုင်း အဖြေရှာပြီး ပြုပြင် ပြောင်းလဲရေးတွေ ပြုလုပ် လာတာ ဖြစ်တယ်၊ ဗီယက်နမ်မှာတော့ အဲဒီလို ပုဂ္ဂိုလ်တွေ မရှိဘူးလို့ သုံးသပ် ပါတယ်။

တကယ်တန်း မှာတော့ ဗီယက်နမ် က မြန်မာနိုင်ငံ ကို စီးပွားရေး အတွက်သာ စိတ်ဝင်စား တာ ဖြစ်တယ်လို့ ဗီယက်နမ် ဌာန ဌာနမှူး Giang Nguyen က ပြော ပါတယ်။

ဘာ့ကြောင့် အခုအချိန်မှာ ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီး မြန်မာ နိုင်ငံကို သွားရတာ ပါသလဲ ဆိုတာ ကိုတော့ ဇန် ငုယင် Giang Nguyen က ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းကပဲ ဝန်ကြီးချုပ် Nguyen Tan Dung ငုယင် တန်ဇွန်း က မြန်မာ နိုင်ငံ နေပြည်တော်ကို သွား ခဲ့တယ်၊ တချိန်တည်း မှာပဲ မြန်မာ နိုင်ငံမှာ စီးပွားရေး လုပ်နိုင်မယ့် အခွင့် အလမ်းတွေ အများကြီး ရှိတာကို ဗီယက်နမ် ခေါင်းဆောင်တွေ မြင်ကြ ပါတယ်၊ ဗီယက်နမ် စစ်တပ်က စီးပွား ရှာတဲ့ အနေနဲ့ လုပ်ဆောင် နေတဲ့ နိုင်ငံရဲ့ အကြီးဆုံး တယ်လီဖုန်း သက်သွယ်ရေး လုပ်ငန်း Viet-tel က မြန်မာနဲ့ ကမ္ဘာဒီးယား တို့မှာ ရင်းနှီး မြှုပ်နှံထား ပါတယ်၊ ဒါကြောင့် နိုင်ငံခြားရေး ဝန်ကြီး က မြန်မာ နိုင်ငံကို အခု အချိန် သွားတာ အချိန်ကောင်း ဖြစ်တယ် လို့ ယူဆပြီး သွားတာ ဖြစ်နိုင်တယ် လို့ သုံးသပ် ပြောပါတယ်။