လူကုန်ကူးခံရသူ နှစ်သောင်းကျော် တရုတ်မှာ ကယ်တင်နိုင်

  • 11 မတ် 2012
တရုတ်နိုင်ငံမှာ ကလေးငယ်တွေ အရောင်းစာခံရမှုများလာ ဓာတ်ပုံ မူပိုင် ap
Image caption တရုတ်နိုင်ငံမှာ ကလေးငယ်တွေ အရောင်းစား ခံရမှုများ

တရုတ်ရဲတွေကယ်ဆယ်တဲ့အထဲမှာ နေအိမ်တွေကနေ ပြန်ပေးအဆွဲခံရတဲ့ ကလေးပေါင်း ဂ၀၀၀ ကျော်ပါဝင်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ကလေးတယောက်ထဲ ယူရမယ်ဆိုတော့ ပေါ်လစီကြောင့် ကလေးတွေကို မွေးစားဖို့ အရောင်းစားခံရတာမျိုး၊ ပြန်ပေးဆွဲခံရတဲ့ ပြဿနာမျိုး တွေဖြစ်တာလို့ အစိုးရကို ဝေဖန်သူတွေက အပစ်တင်ကြပါတယ်။

တခါကလေးငယ်တွေ ပြန်ပေးဆွဲတာ အရင်ကနဲ့စာရင် လျော့နည်းမှုရှိလာပြီး မိဘတွေကိုယ်တိုင်က မွေးစားဖို့ ကလေးရောင်းစားမှုတွေ ပိုများတယ်လို့ဆိုပါတယ်။ ဒီအထဲမှာ အမျိုးသမီးပေါင်း တသောင်းခွဲကျော်လည်း ပြန်ပေးဆွဲခံရပါတယ်။ အဲဒီအထဲက တချို့ကို အလုပ်သမားတွေ အဖြစ်အသုံးချဖို့ အရောင်းခံရသလို တချို့ကိုတော့ သတို့သမီးအဖြစ် အတင်းအကြပ်လက်ထပ်ခံရတာမျိုး ပြည့်တန်ဆာ အဖြစ် သွတ်သွင်း ခံရတာမျိုးတွေတောင်ရှိပါတယ်။

အခုထွက်ပေါ်လာတဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန အစီအရင် ခံစာထဲမှာ အမျိုးသမီးတယောက်ဆိုရင် ပြည့်တန်ဆာ အဖြစ်အင်ဂိုလာနိုင်ငံအထိ အရောင်းစားခံရတာတောင်ရှိတယ်လို့ဆိုပါတယ်။

တရုတ်အာဏာပိုင်တွေက လူကုန်ကူးတဲ့ဂိုဏ်းပေါင်း ၃၀၀၀ ကျော်ကို ဖြိုခွင်းနိုင်တယ်လို့ပြောပေမယ့် မနှစ်က စုစုပေါင်း ပြန်ပေးဆွဲခံရသူ အရေအတွက်ကို တော့ အတိအကျ ပြောမသွားပါဘူး။ အာဏာပိုင်တွေက လူကုန်ကူးမှုကို အရှိန်အဟုန်နဲ့ဆက်နှိမ်နင်းမယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံမှာ အခုအခါစီးပွားရေး ဖွင့်ပေးပြီးလွတ်လပ်စွာ သွားလာခွင့်ရှိတဲ့ အတွက် အရင်နဲ့စာရင် လူကုန်ကူးတဲ့ဂိုဏ်းတွေအနေနဲ့ ပိုလှုပ်ရှား ဖို့လွယ်လာတာဖြစ်ပါတယ်။ အခုရရှိတဲ့ ကိန်းဂဏန်းတွေအရကတော့ တရုတ်ပြည်မှာ ကလေးနဲ့ အမျိုးသမီးတွေဖမ်းဆီး ရောင်းစားခံနေရတာက အရေးကြီးဖြေရှင်းရမယ့် ပြဿနာကြီးတခုဘဲလို့ ဘီဂျင်းက ဘီဘီစီသတင်းထောက် Martin Patience ကပြောသွားပါတယ် ။