နောက်ဆုံး ရေးသားချိန် 12 မတ်လ 2012 - 19:06 GMT

ABSDF ရှေ့ပြေးအဖွဲ့ မဲဆောက်ကို ပြန်ရောက်

absdf

မဲဆောက်ကို ပြန်ရောက် လာကြတဲ့ ABSDF ရှေ့ပြေး အဖွဲ့

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ တပ်မတော်နဲ့ မြန်မာ အစိုးရ ရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ ကိုယ်စားလှယ် တွေ လာမယ့် ဧပြီ လဆန်း ပိုင်းမှာ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေး နိုင်ဖို့ အတွက် နယ်စပ် ကနေ သွားရမယ့် လမ်းကြောင်းနဲ့ လုံခြုံရေး ကိစ္စ တွေကို ဆွေးနွေးဖို့ ဘားအံကို သွားခဲ့တဲ့ ABSDF ရှေ့ပြေးအဖွဲ့ဟာ မြဝတီက တဆင့်ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ပြန်ရောက် လာပါတယ်။

အခု ခရီးစဉ်မှာ ABSDF မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ တပ်မတော် တည်ရှိတဲ့၊ ထိုင်းနယ် စပ်၊ ကယားပြည်နယ်၊ မြန်မာနိုင်ငံ အနောက်ဘက်၊ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယမြောက်ပိုင်း၊ ကချင် နဲ့ တရုတ် နယ်စပ်က ကိုယ်စား လှယ်တွေ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးပွဲ ကျင်းပမယ့် ရန်ကုန်မြို့ကို လုံလုံခြုံခြုံနဲ့ အလွယ်တကူ ရောက်ရှိ နိုင်အောင်၊ မြန်မာဘက်က ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့က တာဝန် ရှိသူတဦး ဖြစ်တဲ့ သီရိပျံချီ အငြိမ်းစား ဗိုလ်မှူးကြီး စောခင်စိုးနဲ့ ABSDF အတွင်းရေးမှူး ၁ ကိုမြင့်ဦး၊ ဦးဆောင်တဲ့ ရှေ့ပြေးအဖွဲ့တွေ ညှိုနှိုင်း ဆောင်ရွက် နိုင်ခဲ့တယ်လို့ ABSDF ထိပ်တန်းခေါင်း ဆောင်တွေက ပြောပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက် ပြီးတော့ ABSDF ပြောရေး ဆိုခွင့် ရှိသူလည်းဖြစ်၊ ဒုတိယ ဉက္ကဌလည်း ဖြစ်တဲ့ ဦးမျိုး၀င်းက အောင်မြင်တဲ့ ခရီးစဉ်လို့ ပြောပါတယ်။ ဆက်လက်ပြီး နိုင်ငံရေး ပြဿနာ တွေကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေး အဖြေရှာနိုင်ဖို့ အတွက်ကို ပြင်ဆင်ဆောင်ရွက်တဲ့ အဆင့်မှာ အောင်မြင်ခဲ့ကြောင်း၊ ဒါပေမဲ့ ရှေ့ဆက် ခရီးမှာတော့ အများကြီး ညှိုနှိုင်း ဆွေးနွေး ရမှာ ဖြစ်ကြောင်း ပြောကြား သွားပါတယ်။

ABSDF ဘက်က ဒီလို ပြောရတာ ကလည်း ABSDF ရှေ့ပြေး အဖွဲ့ကို မြန်မာ ဘက်က ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့က အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက် ပေးတာတွေ ရှိသလို မြဝတီ ခရိုင်က ထိပ်တန်း လုံခြုံရေး တာဝန် ရှိသူတွေ၊ ရန်ကုန်တိုင်း ဒေသကြီးက ထိပ်တန်း လုံခြုံရေး တာဝန် ရှိသူတွေကလည်း အဆင်ပြေအောင် ဆောင်ရွက် ပေးခဲ့ တာကြောင့် လို့သိရ ပါတယ်။

ဒါပေမဲ့ ABSDF ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့က မြန်မာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ နဲ့ ဆွေးနွေးတဲ့ အခါမှာတော့ ပြည်သူ လူထု အတွက် အကျိုးရှိမယ့် အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို ဖေါ်ဆောင် နိုင်မဲ့ စစ်မှန်တဲ့ နိုင်ငံရေး ပြဿနာ တွေကို အဖြေရှာ နိုင်ဖို့ ဆွေးနွေးသွား မယ်လို့လဲ ဦးမျိုး၀င်း ကပြောပါတယ်။

အဲဒီ ပြဿနာတွေ အားလုံးကို ဖြေရှင်း ပြီးမြောက် သွားတဲ့ အချိန်ကျရင်၊ ABSDF ညီလာခံ ခေါ်ပြီး တော့ ABSDF ဟာ ရှေ့ဆက် ဘယ်လို ရပ်တည်မလဲ ဆိုတာနဲ့ ပတ်သက်လို့ အဲဒီ ညီလာခံရဲ့ ဆုံးဖြတ်ချက် အတိုင်း ဆက်သွား မှာဖြစ်တယ် လို့လဲ ဦးမျိုးဝင်း က ပြောကြား သွားပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။