အမေရိကန်စစ်သားကို ရုံးတင်ဖို့ အာဖဂန်ပါလီမန် ဆုံးဖြတ်

  • 12 မတ် 2012
kandahar_shootings ဓာတ်ပုံ မူပိုင်
Image caption ကန်ဒါဟာက ကွယ်လွန်သူတွေအတွက် ပူဆွေးနေကြသူများ

အာဖဂန်နစ္စတန်ပါလီမန်က အာဖဂန်ပြည်သူ ၁၆ ယောက်ကို ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့ အမေရိကန် စစ်သားကို အာဖဂန် ခုံရုံး မှာ ရုံးတင် စစ်ဆေး သွားဖို့အတွက် တညီတညွတ်ထဲဆုံးဖြတ်လိုက်ကြ ပါတယ်။

နောက်ပြီး အာဖဂန် ပြည်သူတွေဟာ နိုင်ငံခြား တပ်ဖွဲ့တွေ ရဲ့ လုပ်ရပ်တွေ အပေါ် သည်းခံ နိုင်စိတ်တွေ ကုန်ခမ်း နေကြပြီ ဖြစ်တယ်လို့လဲ ဆိုပါတယ်။

တချိန်ထဲမှာ အာဖဂန် သမ္မတ ဟာမစ် ခါဇိုင်းက ဒီ ပစ်ခတ် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားဖို့ အဆင့်မြင့် အဖွဲ့တဖွဲ့ကို အဲဒီဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ ကန်ဒါဟာ ပြည်နယ် ကိုစေလွှတ် လိုက်ပါတယ်။ သေဆုံး ခဲ့ရသူတွေ ထဲမှာ ၉ ယောက်ဟာ ကလေး သူငယ်တွေ ဖြစ်ကြပြီး တနင်္ဂနွေ နေ့ မနက် အစောပိုင်းမှာ သူတို့ရဲ့ နေအိမ်တွေမှာ သတ်ဖြတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဘာရက် အိုဘားမားက ဒီ အတွက်အလွန်ကို ထိတ်လန့် တုန်လှုပ် မိတယ်လို့ ဆိုလိုက်ပြီး အဲဒီ အပေါ်မှာလဲ တောင်းပန် လိုက်ပါတယ်။ ဒါပေမယ့် ဒီလို သတ်ဖြတ်ခဲ့မှု တွေကြောင့် အရင်ထဲက သိပ်ပြီး မကောင်းလှတဲ့ အာဖဂန် နစ္စတန်နဲ့ အမေရိကန်အစိုးရတို့ရဲ့ ဆက်ဆံရေးအပေါ် ပိုပြီးဆိုးရွားသွားစေတယ်လို့ ကာဘူးလ် မြို့တော်က ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီကန်ဒါဟာ ပြည်နယ်ထဲမှာ ဖြစ်ခဲ့တဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ လက်တုန့်ပြန် သွားမှာ ဖြစ်တယ်လို့ တာလီဘန် ဘက်က ပြောပါတယ်။ သူတို့ရဲ့ဝက်ဘ်ဆိုက်မှာ စိတ်ရူးပေါက်နေတဲ့ အမေရိကန် တွေဟာ လူသတ်မှုတွေကို ကျူးလွန်ခဲ့ကြတယ်လို့ လဲ ဖော်ပြထားပါတယ်။

ကာဘူးလ် မြို့တော်က အမေရိကန် သံရုံးက တော့ အာဖဂန် နစ္စတန် နိုင်ငံထဲမှာ ရှိနေကြတဲ့ အမေရိကန် တွေအားလုံးကို အထူးသတိရှိကြဖို့ နဲ့ မကြာခင် ရက်တွေ အတွင်းမှာ ဆန့်ကျင် ဆန္ဒပြမှုတွေကို ကြုံလာကြရဖွယ်ရှိတယ်လို့ သတိပေးထား ပါတယ်။